Wednesday, May 8, 2013

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ

၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

                                     ရှင်မဟာရဋ္ဌသာရ


ခက်ဆစ်အဖွင့်---
၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။
၂။ လျင်လျား=အလျင်အမြန်။
၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်=အမှန်။
၇။ တစေ=အမြဲ။
၈။ သြဝါဒ=ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။
၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။

ရှင်မဟာသီလဝံသ ဆုံးမစာ

၁။ ငါကားသည်စာ၊ သည်ဂါထာကို
မြဲစွာကြပ်မတ်၊ ဆရာအပ်သော်
တတ်လှစေချင်၊ ငါ့ကိုသင်ဟု
ထိပ်တွင်လည်းရွက်
လျင်လျင်ရအောင် ကြိုးစားကျက်။

၂။ အချိန်တန်၍၊ စာအံဆိုလျှင်
မရွှင်မျက်နှာ၊ မသာမချို
ထိုထိုအကြံ၊ ကြီးစွာဖန်၍
မအံတခါ၊ အံတခါနှင့်
မျက်နှာတပါး၊ စာတခြားလည်း
စကားပြောဟော၊ တသောသောသည်
ရယ်မော၍လည်း မနေနဲ့။

၃။ မပြတ်အသံ၊ တညံညံသည်
စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ
သည်လည်း ညသတ်၊ ပြတ်ပြတ်သားသား
စကားဆိုထွေ ပီလှစေ။

၎။ သင်ပုန်းထန်းရွက်၊ ပေထက်စီကာ
ရေးသောခါလည်း
အက္ခရာကို၊ သေချာလှစေ
စာလုံးကိုလည်း လှလှစေ။

                                  ရှင်မဟာသီလဝံသ

ခက်ဆစ်အဖွင့်--
၁။ ဂါထာ=ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။
၂။ လျင်လျင်=မြန်မြန်။
၃။ စာအံ=စာကို နှုတ်တက်ရအောင် အခေါက်ခေါက် ဆိုသည်။
၎။ သောသော=ဆူဆူညံညံ။
၅။ ကြပ်ကြပ်=မြဲမြံစွာ၊ အမြဲအစွဲ၊ အခိုင်အမာ။
၆။ သင်ပုန်း=စာရေးနိုင်အောင် ပျဉ်ပြားကို ဆေးသုတ်၍ဖြစ်စေ၊ အနက်ရောင် ကျောက်ချပ် (အသွင်ပြောင်း ကျောက်တမျိုး) ကို ဖြစ်စေ ပြုလုပ်ထားသော အချပ်။
၇။ ထန်းရွက်=စာ သို့မဟုတ်-အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ထန်းပင်၏ အရွက်။
၈။ ပေရွက်=စာ သို့မဟုတ် အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ပေပင်၏ အရွက်။

ပင့်ကူအခြောက်-၏ ကလေးအတွက် ဆေးစွမ်း


ကလေးငယ် နှာပိတ်နေပြီး အသက်ရှူရ ကျပ်နေကာ အနေရအထိုင်ရ ဆိုးနေပြီး တအီအီဖြစ်လျက် လက်ပေါ်မှ ချမရဘဲ ချော့မော့နေရသော်---
ပင့်ကူ အသေကောင် အခြောက် ၂-ကောင် ၃-ကောင်ကို အုန်းဆီအနည်းငယ်ထဲ ခြေမွ၍ထည့်ပြီး ပျစ်ပျစ်ဖျော်ပါ။
ထိုဆေးဖြင့် ကလေး၏ နှာရောင်တွင် အပေါ်မှ အောက်သို့ လိမ့်ပြီး သပ်ချပေးလိုက်ပါ။ မကြာမကြာ ပြုလုပ်ပေးလိုက်ပါ။
နှာပွင့်သွားပြီး နေသာထိုင်သာ ဖြစ်၍ ကြည်လင်လာပါလိမ့်မည်။
သံဝေဂဝတ္ထု ရှစ်ပါး
အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြေလူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်ကြရှာ၏။
အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂါတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုံးမှာလည်း, အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။

မီး ၁၁-ပါး
သူသူငါငါ, ဖြစ်လေရာဝယ်, ဦးစွာကြိုဆီး, ဇာတိမီးက, အပြီးပုံသေ, လောင်မြိုက်လေ၏။
မသွေတစ်သီး, ဇရာမီးလည်း, အပြီးနောက်မှာ, ကပ်လျက်ပါ၏။
မကွာစေရ, မရဏဟု, တစ်ဘဝဖျက်ဆီး, လောင်သည့်မီးလည်း, ငြီးငြီးပြောင်ပြောင်, အမြဲလောင်၏။
လောင်ပုံလောင်အား, မထင်ရှားပဲ, နုထွားပြိုမြစ်, အရွယ်ဖြစ်သော်, အချစ်ရာဂ, မီးတွေထ၍, ဒေါသထန်ပြင်း, မောဟညှဉ်း၏။
မကင်းနိုင်အောင်, ထို့နောက်နောင်လည်း, တောက်လောင်ဖိစီး, သောကမီးကြောင့်, ဝမ်းနည်းဖွယ်တွေ, အထွေထွေနှင့်, ပရိဒေဝ, ငိုကြွေးကြဖို့, ဒုက္ခလည်းထပ်, ဒေါမနသ်နှင့်, ဆက်စပ်မကွာ, ဥပါယာသ, လွန်ပြင်းပျ၍, သက်မျှမရှူ, တက်အောင်ပူသည်,---ဆူဆူဆယ့်တစ် မီးတောက်တည်း။

အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေး ၃-ပါး
အိုအိုလူများ, သတိထားလော့, သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်း ဒုတိယ, မရောက်ကြဘူး၊
ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း တတိယ, မရောက်ကြပင်၊
တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, လွန်ပုံတစ်ဝ, အောက်ချတစ်ခင်း, ထိခြင်းတလွေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, အခန်းခန်း၌, ခြေလှမ်းပိုင်းခြား, စိတ်ခြောက်ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်အတန်းတို့, နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ-အနတ္တချည်းသာတည်း။

ဆရာတော့် အဓိဋ္ဌာန်
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက, နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့, အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ ဘာသာအတွက်မို့, ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့, ကုသိုလ်ရေးမို့ ကြိုးစားမည်။
( ဒို့လဲ ကြိုးစားမည် )

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

Wednesday, May 1, 2013

သီလစောင့်ထိန်းခြင်း အကျိုး(၅)ပါး

၁။ မမေ့မလျော့ခြင်းကြောင့် စည်းစိမ်ဥစ္စာ ရရှိခြင်း။
၂။ ကောင်းမွန်သော ဂုဏ်သတင်း ပျံ့နှံ့ခြင်း။
၃။ လူသူအလယ်တွင် ရဲဝံ့စွာ သွားလာနိုင်ခြင်း။
၎။ သေတဲ့အခါ တွေဝေမှု၊ ဆင်းရဲမှုမရှိဘဲ အေးချမ်းစွာ သေရခြင်း။
၅။ နောက်ဘ၀ နတ်ပြည်သို့ ရောက်ရခြင်း။ (အံ၊ ၂၊ ၂၂၁)

တဏှာကြောင့်ဖြစ်ပေါ်လာသော တရား(၉)ပါး

၁။ လိုချင်မှုတဏှာကို အကြောင်းပြုပြီး ရှာမှီးရခြင်း။
၂။ ရှာမှီးခြင်းကြောင့် ရရှိလာတာကို စွဲမှီနေခြင်း။
၃။ ရရှိလာတာကို အသုံးချဖို့ရန် စိတ်ပိုင်းဖြတ်ရခြင်း။
၎။ စိတ်ပိုင်းဖြတ်ခြင်းကို စွဲမှီနှစ်သက် တပ်မက်မှု ဆန္ဒရာဂဖြစ်ခြင်း။
၅။ ဆန္ဒရာဂဖြစ်ပြီး ရှာဖွေထားတာလေးကို ငါ၊ ငါ့ဥစ္စာဟု မှတ်ထင်နေခြင်း။
၆။ ရရှိလာတာလေးကို သိမ်းဆည်းရခြင်း။
၇။ သိမ်းဆည်းထားတာလေးကို နှမြှောဝန်တိုနေခြင်း။
၈။ ရရှိလာတာလေးကို စောင့်ရှောက်နေရခြင်း။
၉။ စောင့်ရှောက်နေရခြင်းကြောင့် တုတ်၊ ဓါး၊ လက်နက်ကိုင်ဆောင်ရခြင်း၊ ခိုက်ရန်ဖြစ်ရခြင်း၊ ငြင်းခုံရခြင်း၊ ကုန်းတိုက်ခြင်း၊ မဟုတ်မမှန်ပြောခြင်းစတဲ့ မကောင်းမှုအကုသိုလ်များ ဖြစ်ပွားနေရခြင်း။ (ဒီ၊ ၃၊ ၂၅၂။ အံ၊ ၃၊ ၂၀၁။)