Sunday, June 30, 2013

သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီး
“ငါတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများအကျိုးပြုလုပ်ငန်းတွေကြောင့်ပဲ၊ ငါကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့်တွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အနစ်နာခံတဲ့စိတ် စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်

ဗုဒ္ဓတံဆိပ် ခပ်နှိပ်စေ


အိုမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်းနှိပ်ခတ် တံဆိပ်မှတ်က
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့၊
ထွေထွေ သားသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကြအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီခပ်နှိပ်စေသတည်းးးးးးးးးးး

မဟာဂန္ဓာရုံဆရာတော်

ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်

ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်
ဦးတည်မပျက် ရှေ့သို့ဆက် လူ့ဘုံထုံးစံကဲ့ရဲ့ဒဏ်ဖြင့် ရန်မာန်ပိတ်သဲခရီးခဲ၌ စိတ်ဇွဲသန်သန်နောက်မပြန်ဘဲ ရဲမာန်ရဲသွေးရဲစိတ်မွေးလျက် ရဲသွေးနီနီစီရရီဖြင့် ဦးတည်မပျက်==== ရှေ့သို့ဆက်လော့။
မေး။ ။ အရှင်ဘုရား တပည့်တော် ရှစ်ပါးသီလမှာ ဥစ္စာသယန မဟာသယန-မြင့်သောနေရာ မြတ်သောနေရာနဲ့ပတ်သတ်ပြီး တပည့်တော်တို့သူငယ်ချင်းတွေ ပြောဆို ကြတဲ့အခါ မျိုးစုံဖြစ်နေပါတယ်ဘုရား။ အရှင်ဘုရား သင်္ကြန်တွင်းတုန်းက မေတ္တာရှင်ဆရာတော်ရိပ်သာမှာ အမေးအဖြေတုန်းက ဖြေဆိုခဲ့တာကလည်း ကိလေသာစိတ်မဖြစ်အောင် ဇိမ်ကျမဲ့နေရာတွေ၊ မာန်မာနတက်စေမဲ့ ထိုင်ခုံအိပ်ရာတွေကို အသုံးမပြုရလို့ အကျဉ်းချုပ်သာ ဖြေဆိုသွားတာမို့ တပည့်တော်တို့ သေချာကျနစွာ ရှောင်ကြဉ်နိုင်အောင် အကျယ်တ၀င့် အချိန်ရရင် ရေးပေးစေချင်ပါတယ်ဘုရား။ ရိုသေလေးစားစွာ ဦးခိုက်လျက်......။

ဖြေ။ ။ သုတ်သီလက္ခန်ပါဠိတော်၊ မဇ္ဈိမခန်းတွင် ဥစ္စာသယန မဟာသယနနဲ့ ပတ်သတ်ပြီး ရှောင်ကြဉ်ရမဲ့နေရာ (၂၀)ပြဆိုထားပါတယ်။ အဲဒါတွေကတော့

၁။ လူများဆုံးအသုံးပြုသော ထိုင်ခုံ၊ အိပ်ရာတို့ထက် ခြေလေးချောင်းအမြင့်ရှိသော အထူးရှိသော ခုတင်၊ ထိုင်ခုံများ။
၂။ အခြေတွင် ခြင်္သေ့သားရဲရုပ်တပ်ထားသော ပလ္လင်နေရာ။
၃။ လက်လေးသစ်ထက် ကျော်လွန်သော မွေးရှည်ကော်ဇော။
၎။ အရုပ်ပန်းကွက်တို့ဖြင့် ဆန်းကြယ်စွာ ယက်လုပ်ထားသော သားမွေးအခင်း။
၅။ သားမွေးဖြင့်ပြုလုပ်ထားသော ခင်းနှီးဖြူ။
၆။ ပန်းပြောက်ခြယ်ထားသော သားမွေးအခင်း။
၇။ လဲမျိုး(၃)ပါးဖြင့် သွတ်သွင်းထားသော မွေ့ယာခင်း။
၈။ ခြင်္သေ့၊ ကျား၊ သစ်စသော အရုပ်တို့ဖြင့် ဆန်းကြယ်ထားသော သိုးမွေးခင်း။
၉။ နှစ်ဘက်အမွေးရှိသော သားမွေးအခင်း။
၁၀။ တစ်ဘက်သာအမွေးရှိသော သားမွေးအခင်း။
၁၁။ ရတနာ ရွှေငွေတို့ဖြင့် ချုပ်ကပ်လိမ်းကျံထားသော ပိုးချည်ရက်အခင်း။
၁၂။ ရတနာရွှေချည် ငွေချည်တို့အကြားတွင် ပိုးချည်ဖြင့်ရက်လုပ်ထားသော အခင်း။
၁၃။ ကချေသည်မ (၁၆)ယောက် ကလောက်သော သားမွေးကော်ဇော။
၁၄။ ကောင်းမြတ်သော ဆင်နှီးကုန်း။
၁၅။ ကောင်းမြတ်သော မြင်းနှီးကုန်း။
၁၆။ ဆင်မြင်ရထား၌ခင်းသော နု့ညံ့အိစက်သည့် အခင်း။
၁၇။ ညောင်စောင်းပမာဏ ချုပ်လုပ်ထားသည့် သစ်နက်ရေးအခင်း။
၁၈။ ၀ံပိုင့်ရေဖြင့် ပြုလုပ်ထားသည့် မြတ်သောအခင်း။
၁၉။ နီသော ဗိတာန်မျက်နှာကြက်အောက်ရှိ သားမွေးအခင်း။
၂၀။ ခြေအုံး ခေါင်းအုံး နှစ်ဘက်တပ်ထားသည့် အခင်း။

Friday, June 28, 2013

ကြီးပွားတိုးတတ်ချင်လျှင်

မေး။ ။ အရှင်ဘုရား တပည့်တော်ကြီးပွားချမ်းသာအောင် ဘယ်လိုလုပ်လုပ် စည်းစိမ်ဥစ္စာ မတိုးတတ်ဘဲ ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုပြုလုပ်ရပါမလဲဘုရား။
ဖြေ။ ။ ကြီးပွားတိုးတတ်ချင်ပါက

၁။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိဘတို့အား ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ မိဘတွေက ငါတို့သားသမီးလေး ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၂။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် သားသမီး၊ လက်အောက်ငယ်သား အလုပ်သမားများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၃။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိမိရဲ့လုပ်ငန်းရှင်များကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၎။  မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိရိုဖလာကိုးကွယ်လာတဲ့ နတ်ဒေ၀ါများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၅။  မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မြင့်မြတ်တဲ့ရဟန်းသာမဏေများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

အထက်ပါ အင်္ဂါ(၅)ချက်နဲ့ ပြည့်စုံသူသည် မည်သည့်အခါမှ ဆင်းရဲခြင်းမရှိဘဲ ကြီးပွားတိုးတတ်နေပါလိမ့်မည်။ (အံ၊ ၂၊ ၆၇)

အရှင်ကောမလ ဆန်နီနေမင်း

သေခါနီးမှာ ဖြစ်ပေါ်လာသော အာရုံ(၃)မျိုး

မေး။ ။ အရှင်ဘုရား တပည့်တော် သေခါနီးမှာ ဖြစ်ပေါ်လာတဲ့ အာရုံများရဲ့ အကြောင်းအရာကို သေချာကျနစွာ မသိသေးသဖြင့် အရှင်မြတ်အချိန်ရရင် ရေးသားပေးစေချင်ပါတယ်ဘုရား။ ကျေးဇူးတင်စွာဖြင့် ရိုသေစွာ အဝေးကနေ ရှိခိုးလိုက်ပါတယ်ဘုရား။
ဦးဇင်းလည်း မြန်မာပြည်မှာ ကွန်ပျုတာနဲ့ အွန်လိုင်းသုံးရဖို့ အခြေအနေ မပေးတာကြောင့် အမေးအဖြေများကို မရေးနိုင်ဘဲ အကြွေးတွေ များနေပါတယ်။ အလုပ်ကလည်း တစ်ယောက်တည်းကို ခေါင်းမူးအောင် ရှုပ်နေတာမို့ ဘာစာကိုမှ မရေးဖြစ်ဘူး ဖြစ်နေတယ်။ ခုတော့ ရန်ကုန်ရောက်တုန်း အင်တာနက်လိုင်းကောင်းတာနဲ့ အမေးအဖြေလေးတွေကို တက်နိုင်သမျှ ဖြေပေးလိုက်ပါတယ်။

ဖြေ။ ။ သက်ရှိသတ္တ၀ါတိုင်းရဲ့ သေခါနီးသော်လည်းကောင်း၊ ပဋိသန္ဓေနေဆဲ၌လည်းကောင်း ဖြစ်ပေါ်လာတဲ့ အာရုံ(၃)ပါး ရှိပါတယ်။

(၁) ကံ-မိမိပြုလုပ်အားထုတ်ခဲ့တဲ့ ကောင်းတဲ့လုပ်ရပ်စေတနာများ၊ မကောင်းတဲ့လုပ်ရပ် စေတနာစိတ်များ ပေါ်လာခြင်း။ မိမိစိတ်ကောင်းရှိခဲ့တာလေးတွေ၊ စိတ်ကောင်းမရှိခဲ့တာလေးတွေကို စိတ်ထဲမှာမြင်ယောင်မိလာတာကို ဆိုလိုပါတယ်။

(၂) ကမ္မနိမိတ်-မိမိလှူဒါန်းပေးကမ်းခဲ့တဲ့ အရာဝတ္ထုပစ္စည်းများ အာရုံပြု၍ ပေါ်လာခြင်း၊ ဥပမာ-ကောင်းတာနဲ့ပတ်သတ်ပြီး သူတစ်ပါးကို ပေးကမ်းခဲ့တာ တစ်ခုခုကိုဖြစ်စေ၊ သူတစ်ပါးအတွက် အဆောက်အဦး ဆောက်လုပ်ပေးခဲ့တာဖြစ်စေ မိမိစိတ်အာရုံမှာ ပေါ်လာပါတယ်။ မကောင်းတာပြုလုပ်ခဲ့တဲ့သူဆိုရင် သူတစ်ပါးအသက် သတ်ခဲ့တာ၊ ခိုးခဲ့တာ၊ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်ခဲ့တာစတဲ့ မကောင်းမှုလုပ်ရပ်တစ်ခုခု ပေါ်လာခြင်းများကို ဆိုလိုပါတယ်။

(၃) ဂတိနိမိတ်-မိမိအနာဂတ်ဘ၀ဖြစ်ရမဲ့ ဘုံဘ၀၊ ခန္ဓာကိုယ်၊ ရုပ်ဆင်းသဏ္ဍာန်တို့ ပေါ်လာခြင်း၊ ဥပမာ-ကောင်းတာလုပ်ခဲ့သူဟာ ကောင်းရာဘ၀ဖြစ်တဲ့ လူ့ဘ၀ခန္ဓာကိုယ်၊ နတ်ဘ၀ခန္ဓာကိုယ်များ ထင်မြင်လာပြီး မကောင်းတာလုပ်ခဲ့သူကတော့ မကောင်းရာဘ၀ဖြစ်တဲ့ အပါယ်လေးဘုံသား သတ္တ၀ါတို့ရဲ့ ဘုံဌာနတွေ၊ ငရဲခန္ဓာ၊ တိရစ္ဆာန်ခန္ဓာ၊ ပြိတ္တာခန္ဓာ၊ အသူရကာယ်ခန္ဓာများ ပေါ်လာကြပါတယ်။

ယခု ဖော်ပြခဲ့တဲ့ အချက်(၃)ခုထဲက တစ်ခုခုကိုတော့ သက်ရှိသတ္တ၀ါတိုင်း ကြုံတွေ့ရမှာမို့ မိမိတို့ရဲ့ အနာဂတ်ဘ၀ဟာ ဘယ်လိုဘယ်ပုံဖြစ်မဲ့ဆိုတာ မိမိကိုယ်တိုင် သေခါနီးဖြစ်စေ၊ နောက်ဘ၀ခန္ဓာဖြစ်ခါနီးဖြစ်စေ မြင်တွေ့ရမှာဆိုတော့ မိမိမသေခင်ကတည်းက ကောင်းတာလေးမြင်ချင်ရင် ကောင်းတာများပြုလုပ်ဖို့ လိုတယ်ဆိုတာ မမေ့ကြပါနဲ့လေ။

ဒီလောက် အကျဉ်းချုပ်ဖြေပြလိုက်ရင် နားလည်သဘောက်မယ်ထင်တာမို့ ဒီမျှနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။ ဦးဇင်း မြန်မာပြည်ရောက်နေတုန်း ဟောကြားပေးခဲ့သမျှ တရားတွေထဲမှ သင်္ကြန်တွင်းတုန်းက မေတ္တာရှင် (ရွှေပြည်သာ)ဆရာတော်ကျောင်းရိပ်သာမှာ အမေးအဖြေပြုလုပ်ပေးခဲ့တဲ့ တရားပုဒ်ရေ (၉)ခွေကိုလည်း တစ်ခွေတည်းဖြစ်အောင် ပြုလုပ်ထားပြီးပါပြီ၊ အဲဒီခွေကို ဦးဇင်းသီရိလင်္ကာ မပြန်ခင် တက်နိုင်သမျှ ဗုဒ္ဓဘာသာဝင်များ ဗဟုသုတတိုးပွားစေဖို့အတွက် ဖြန့်ဝေပေးနိုင်အောင် ကြိုးစားပေးပါဦးမယ်လေ။

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်......။

အရှင်ကောမလ ဆန်နီနေမင်း
ပစ်မရှိ ပြစ်ရှာ။

လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နှဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။