Saturday, December 29, 2012

ပျောက်ကွယ်လုပြီဖြစ်တဲ့ ဓလေ့တစ်ခု

Venwanna Maha  September 5

                     ♣♣♣ ပျောက်ကွယ်လုပြီဖြစ်တဲ့ ဓလေ့တစ်ခု ♣♣♣
                      **********************************

 
      မကြာသေးသော ရှေးခေတ်က မြန်မာ့ကျေးလက်ဒေသများမှာ ရှင်လောင်းလှည့်ကြတဲ့အခါ ကာလသား လူငယ်လူရွယ် တစ်ဆယ်ကျော်ကျော်အနည်းဆုံးထားပြီး မောင်ရှင်လောင်းနောက်က ၀န်းရံလိုက်ကြရသတဲ့။

         အသံကောင်းသူက နမော တဿာတိ။ ။ အောင်မြေကူးဆိပ်၊ ဇမ္ဗူဒိဟု၊ တံဆိပ်ခေါ်သညာ….၊ လို့ အသံရှည်ရှည် ဆွဲငင်ဆိုရပါတယ်။ သာသနာရောင်၊ ကျွန်းမြေခေါင်၊ နေရောင်မကသာသို့။ ---လို့ ဆိုလိုက်ရင် နောက်ကလိုက်လာတဲ့ လုလင်ပျိုတို့က ရှိုး လို့ တပြိုင်တည်း လိုက်ကြရတယ်။ တစ်ချို့က ရွှဲဆိုပြီး လိုက်တာလဲ ရှိတယ်။ တစ်ချို့ကတော့ ရှိုးတလှည့် ရွှဲတလှည့် လိုက်ကြသတဲ့။

အဲဒီရှိုးသံ ရွှဲသံတွေ မျက်မှောက်မှာ ကြားဖူးသူ မရှိသလောက်ဖြစ်နေပါပြီ။ လွမ်းစရာမြန်မာ့ရိုးရာ ယဉ်ကျေးမှု သံစဉ်လေးတစ်ခုပေါ့ဗျာ.....


(၁) နမော တဿာတိ။ ။ အောင်မြေကူးဆိပ်၊ ဇမ္ဗူဒိဟု၊ တံဆိပ်ခေါ်သညာ….၊

သာသနာရောင်၊ ကျွန်းမြေခေါင်၊ နေရောင်မကသာသို့။ (ရှိုး)။

ဆယ်ဖြာဦး ဆီမီးဝါ….၊ လျှပ်စစ်တန်တောင်၊ ပြိုင်တိုင်ရှောင်သည်၊ ဘုန်းခေါင်သာသနာ၌။ (ရှိုး)

ကြုံကြိုက်ကြိုး၍၊ ပြည့်ဖြိုးအောင်….၊ မိခင်နို့ဘိုး၊ အဘကျိုးကို၊ ဖောင်ဖြိုး နားဝယ် ထောင်လော.။ (ရှိုး)။

ရွှေတောင်လှ မယ့်သက်ဝေ…၊ မိခင်ဆုံးမ၊ သြ၀ါဒကို၊ မောင်လှ နာဝယ် ခွေလော့။ (ရှိုး)။

ပရမေ သည်သမ္ဗုဒ္ဓ….၊ ငါးမာရ် ဖျက်ချွေ၊ သုံးလူ့ဆွေသည်၊ ဟောမိန့်ချွေ ပြခဲ့၏။ (ရှိုး)။

ကျင့်သီလနှင့် ဒါနမှာ….၊ သုခဘောဂါ၊ ပြည့်စုံစွာသည်၊ ကာမ ကုသလာဟု။ (ရှိုး)။

နတ်ခြောက်ရွာ မှန်မလွဲ…၊ ရွှေအုန်းရွာမှာ၊ ကုသိုလ်ရှာသည်၊ လှူဒါနခြိမ့်ခြိမ့်သဲ၏။ (ရှိုး)။


ခရာနှဲနှင့် ကြည်ကွဲအောင်….၊ ခြိမ့်ခြိမ့်ရိုက်တီး၊ တငြီးငြီးသည်၊ စည်ကြီးရှေ့ကဆောင်၍၊ (ရှိုး)။

လှခေါင်ချုပ်သည် ရွှေရုပ်သွင်….၊ ခြောက်ပြစ်ကင်းရှောင်၊ ပျိုနတ်ယောင်သည်၊ ကျွန်းတောင်လက်ျာ မှာ တင်၍။ (ရှိုး)။

ပျိုခင်စု ရွယ်နုလှသဇင်….၊ ၀တ္ထုလှူဘွယ်၊ အသွယ်သွယ်ကို၊ ကြီးငယ် ရှေ့နောက်ပြင်၍။ (ရှိုး)။

မောင်ရင်ဘ ဒါနအလှူ့ရှင်….၊ ပရိက္ခရာ၊ လွယ်ဘို့ပါသည်၊ ပိတာ မောင့်ဘခင်တည့်။ (ရှိုး)။

မယ့်သခင် လူရင်လှ….၊ ရတုသံချို၊ ရကန်ဆိုသည်၊ လူပျိုဝန်းရံလျက်လေး။ (ရှိုး)။

********* **************** ************


(၂) ထမ်းစင်စီး၍ ထီးရိပ်ခို…၊ မြင့်မိုရ် မြင့်မား၊ ၀တိန်ဖျားက၊ နတ်သား ကျသလိုနှင့်။ (ရှိုး)။

ငွေလိုပြောင် သဲရောင်ခင်း…..၊ ရွှေအုန်းရွာလယ်၊ လမ်းကျယ်ကျယ်မှာ၊ လှူဘွယ်အစုံကျင်း၍။ (ရှိုး)။

ကတီခင်း အတွင်းမဏ္ဍပ်မှာ….၊ ပေါက်ဖော်ဆွေပုံ၊ ကြူးလို့ရုံသည်၊ လုံးစုံ လက်ဖွဲ့ကာနှင့်။ (ရှိုး)။

မယ်သားမွေးသည့်၊ ရင်သွေး သားပုတ္တာ….၊ ၀င်းဝင်းသပ္ပာယ်၊ သံဃာ့လယ်မှာ၊ အမယ် ရှင်ပြုပါအံ့။ (ရှိုး)။
မေတ္တာပျံ့ ရနံ့ထုံ…..၊ မိဘကျေးဇူး၊ အထူးထူးကို၊ ရည်ကျူးရိုက်ကာ ခြုံအံ့။ (ရှိုး)။

ပမာပုံသည်၊ ဂုဏ်မူနှိုင်းမမျှ….၊ မေရုခေါ်ဆို၊ တောင်မြင့်မိုရ်နှင့်၊ နွားချို ပေါက်သစ်စသို့။ (ရှိုး)။

ရှုမ၀သည့်၊ လူလှ မဲ့ပန်းဖြူ….၊ ကျေးဇူးဂုဏ်ဝါ၊ ထေရ်ဆရာသည်၊ တ၀ါထမ်းမျှ တူအံ့။ (ရှိုး)။

မွှေးနံ့သာကြူသည့် သုံးလူသာသနာ…..၊ မျာလှသံဃာ၊ ကျောင်းဝိဟာမှာ၊ တ၀ါထမ်းတို့(ဘို့?) ပါလော့။ (ရှိုး)။

ကန့်ကော်နန်းမှာ၊ ပွင့်ပန်း သစ္စာဆင်…..၊ ဂန္ဓာပျံ့မွှေး၊ မြိုက်ရည်ကျွေးသည်၊ မိတေးမြတ်ချစ်ရှင်၏။ (ရှိုး)။

ရေစင်သန်း ရွှေနန်းတပြောင်ပြောင်….၊ ပြာသာဒ်ရှစ်ဆောင်၊ မဂ္ဂင်ဖောင်ကို၊ မယ့်မောင်စီးရအောင်တည့်လေး။ (ရှိုး)။

(ခွန်းထောက် လေးဆစ်) မွေးမယ်ပုံ-ဂုဏ်အဆင်းမှာလ၊ မြစ်မင်းတဲ့-အဏ္ဏ၀ါ။ ။ ပင်လယ်မှာ မကျော်လောက်သော်လည်း၊ မြောင်ပေါက်ပမာ။ ။ မယ့်သည်းချာငယ်လေး၊ သဒ္ဓါဖြူဆွ။ ။ သီလ ဆယ်သွယ်နှင့်၊ ဂုဏ်ပင်လယ်-မယ့်နို့ဘိုးကို၊ ကြိုးရော့ မောင်လှ။ (မိဘ ဆရာကျေးဇူးဂုဏ်ဘွဲ့ ရကန် ၂-ပုဒ်)

********* **************** ************

(၃) လောကမျက်ရှု၊ သဗ္ဗညု၊ ခွင့်ပြုသာသနာ…..၊ ထမ်းချင်ပါကြောင်း၊ မောင်ခွင့်တောင်းသည်၊ အကြောင်းလွတ်သင့်ပါ၏။ (ရှိုး)။

လှသူဇာ-သွယ်နွယ်ဘွား….၊ မောင်ကြီးသက်စု၊ ရွှေလှော်အုငယ်၊ ကျွတ်ဆု ပန်ချင်ငြား၍၊ (ရှိုး)။

ဖန်ဖန်ကြားသည်၊ နုထွားအပျိုခင်…..၊ လူရင်ယခု၊ ခွင့်တောင်းပြုသည်။ ပျိုနုလွတ်စေချင်၏။ (ရှိုး)။

သုံးလူ့ရှင်သည်၊ မိန့်ခဲ့ဟော…..၊ မနုဿတ္တ၊ ဒုလ္လဘသည်၊ အရကျမ်းသဘောတည်း။ (ရှိုး)။

မြတ်ရှင်စော-မိန့်ဟောသည့် ရွှေနုတ်မှာ…..၊ လူ၏ဘ၀၊ ရခဲလှသည်၊ လွတ်ပါ့ သည်တ၀ါကို။ (ရှိုး)။

လှသူဇာသည် အိုကြော့ဘုန်း…..၊ နှမကြင်ရာ၊ ပန်းနော်ဇာကို၊ တ၀ါလွတ်ပါအုံးတော့။ (ရှိုး)။

ယဉ်မဆုံးသည့်-ဂမုန်း ပန်းနော်ဇာ…..၊ တ၀ါကျွတ်ရုံ၊ လှမျိုးစုံက၊ ကြည်ယုံလွတ်သင့်ပါ၏။ (ရှိုး)။

သုံးလဖြင့်-ကြာရဘူး…..၊ မောင်ကြီးသစ္စာ၊ ထားခဲ့ပါသည်၊ မြတ်စွာစိန္တေစူးပါစေ။ (ရှိုး)။

လွတ်ပါဦးတော့ ကြော့မှူး သည်တ၀ါ…..၊ နိဗ္ဗာန်ကိုလှမ်း၊ ရွှေစာထမ်းသည်၊ ရဟန်းပြုချင်ပါ၏။ (ရှိုး)။

မိမာတာနှင့် ပိတာဘမြတ်ရှင်…..၊ အာဏာစကား၊ မိန့်သည်များကြောင့်၊ ညွတ်တွားခွင့်လွတ်ဆင်သည်၊ ကြည်လင်လွှတ်ပါဦးလော့လေး။ (ရှိုး)။

မွေးဘ ပိတာ၊ မိအာဏာကို၊ မောင့်မှာ ပယ်ဝံ့ဘူးတည့်လေး။ (ရှိုး)။

(ခွန်းထောက်လေးဆစ်) မြတ်ဆယ်ဖြာ-မောင်ကျင့်သုံးမယ်ပ၊ မြကုံးတဲ့ ဆင်းရွှေလှော်။ ။
မောင်ကြီးကို တ၀ါကျွတ်အောင်၊ မင်းလွတ်ပနော်။ ။
ရွှေမျက်နှာ ဖြူပြာဝင်းနှင့်၊ ယဉ်မင်းတဲ့ လှရုပ်မော်၊ နတ်သော်မှ ပုံမယွင်း။ ။

အမရာ, ကိန္နရီနှင့်လေ၊ မဒီ, သမ္ဘူလငယ်သို့၊ နှိုင်းပမာယှဉ်ပြန်ရရင်၊ အာကာမှ-သော်တာ လ-လိုပ၊ ထွန်းပ၀င်းတဲ့မှ ထွန်းပရောင်ဝင်း။ (ရီးစားဘွဲ့ရကန်။)

♣♣ (စစ်ကိုင်းမြို့ အောင်မြေစံလွတ်ကျောင်းမှရသည်၊ ရေးသူအမည်မသိ-ဟု က၀ိဘာရတီ ပထမတွဲ-၄၃၄-၀ယ် ပြဆိုထားသည်။)

♣♣ မှတ်ချက်။ ။ ရတု၊ ရကန် (၂)မျိုးပါဝင်ကြောင်း မြန်မာစာညွန့်ပေါင်းကျမ်း(ဒုတွဲ)၌ ဆိုသည်။
 
မူရင်း=http://www.facebook.com/photo.php?fbid=149221608552481&set=a.110769665731009.12529.100003939288500&type=1&theater
                                                               လေးစားစွာဖြင့်    ....    မောင်မြင့်

“ကိုသိန်းမောင်လိုလူ”
          ကျွန်တော် အက်ဆေးတစ်ပုဒ်တွင် မလိုချင်၍ဖြစ်သောအမှုအကြောင်း ဖတ်လိုက်ရပါသည်။ ပုံပြင် တစ်ပုဒ်ဟုလည်းဆိုထားပါသည်။ တရံရောအခါကဖြစ်သည်။ ရွှေသဖန်းသီး၊ ရွှေစွန်ပလွန်သီး၊ ရွှေပေါင်မုန့်တို့ စားကာနေထိုင်သော အာဖရိကဒေသတစ်ခုရှိ ခေါင်းဆောင်ဖြစ်သူ၏တဲအတွင်းသို့ လူနှစ်ဦးဝင်လာသည်။ ထိုနှစ်ဦးထဲမှတစ်ဦးက “ကျွန်တော် မကြာသေးခင်က သူ့ထံမှ မြေကွက်တစ်ကွက်ဝယ်ယူခဲ့ပါသည်။ ထို့နောက် ထိုမြေကွက်တွင် မြောင်းတူးသောအခါ အဖိုးတန်ရတနာပစ္စည်းများကိုတွေ့ခဲ့ပါသည်။ ကျွန်တော်သည် မြေကွက်ကိုသာဝယ်ယူခဲ့ပါသည်။ ရတနာများကို ၀ယ်ယူခဲ့ခြင်းမဟုတ်ပါ။ ရတနာများသည် ကျွန်တော် ပိုင်ထိုက်သောပစ္စည်း မဟုတ်သောကြောင့် မူလမြေပိုင်ရှင်အား ပြန်ပေးသောအခါ မြေပိုင်ရှင်က လက်မခံဘဲ ငြင်းနေပါသည်အရှင်”ဟု စတိုင်သည်။
          ထိုအခါ မြေပိုင်ရှင်က ချေပပြောဆိုပုံမှာ “ ကျွန်တော်ရောင်းလိုက်သောမြေတွင် မြေနှင့်တကွအကျိုး ခံစားခွင့်များလည်းပါဝင်ပါသည်။ အကျိုးခံစားခွင့်ဟုဆိုရာတွင် ရတနာပစ္စည်းများလည်း ပါဝင်သဖြင့် ထိုပစ္စည်းများကို ကျွန်တော်ကပြန်လည်လက်မခံထိုက်ပါ။ ကျွန်တော်သည် မြေ၀ယ်သူနည်းတူ ဖြောင့်မတ်မှုကို ခံယူခွင့်ရှိမည်ဟုမျှော်လင့်ပါသည်” ဟူ၍ဖြစ်ပါသည်။
          ခေါင်းဆောင်ကဆုံးဖြတ်ချက်ချသောအခါ အမှုသည်နှစ်ဦးတွင်ရှိသော သမီးနှင့်သားကို ထိမ်းမြားစေပြီး ရတနာပစ္စည်းများကို ခန်းဝင်ပစ္စည်းအဖြစ် လက်ဖွဲ့စေခဲ့ပါသည်။ ဒါက မယုံလျှင် ပုံပြင်မှတ်နိုင်သော ပုံပြင်စစ်စစ်ဖြစ်ပါသည်။
ကျွန်တော်ပုံပြင်လေးဖတ်မိသွားပြီးနောက် ကိုသိန်းမောင်ကို သတိရသွားသည်။ အမှန်တော့ ကိုသိန်းမောင်ကို ကျွန်တော်မသိပါ။ မြင်လည်းမမြင်ဘူးပါ။ အဖေက ကျွန်တော့်ကို ကိုသိန်းမောင်အကြောင်း ပြောပြခဲ့ဖူးပါသည်။ ထို့ကြောင့် အဖေ့ဆီပြေးရသည်။ ပါလာသော လက်ကိုဖုန်းလေးဖြင့် အဖေ့ကို ပြန်ပြောခိုင်းကာ အသံဖမ်းရသည်။ သည်သမိုင်းကိုမှ ကျွန်တော်မှတ်တမ်းမတင်ဖြစ်လိုက်လျှင် ကျွန်တော် မွေးသောမြေကို သစ္စာဖောက်ရာ ရောက်ပါတော့မည်။
လွန်ခဲ့သော တစ်ခေတ်တစ်ခါက ငွေကိုလေလိုသုံးသူဟု နာမည်ကြီးခဲ့သော သူဌေးကြီးဦးမြမောင်၏ အမေမှာ ဘွားသန်းခေါ်ဖွားသန်းဖြစ်ပြီး ဖွားသန်းတွင် ဖွားခင်ဆိုသောအစ်မရှိပါသည်။ သူတို့က မိုးကုတ် ရတနာမြေတွင် တွင်းများအကြီးအကျယ်တူးခဲ့ကြပြီး ဖွားခင်၏တွင်းတစ်တွင်းမှာ မိုးကုတ်အနောက်ပိုင်း ကျောက်ပြဿဒ်ရွာအနီးရှိ လုပ်ခက်ဆိုသောအရပ်တွင်ရှိပါသည်။ လုပ်ရကိုင်ရအင်မတန်ခက်သဖြင့် လုပ်ခက်ဟုအမည်တွင်သော တွင်းကွက်ရပ်ဟုလည်းသိရသည်။ အဖွားခင်၏လုပ်ခက်တွင်းကို ကြီးကြပ် လုပ်ကိုင်သူပေါလန်ကဦးချစ်လှ။ ဖွားခင်၏သမက်ဖြစ်သည်။ သူတို့တွင်းက တွင်းသားလေးတစ်ဦးက ကိုသိန်းမောင်။
ထိုစဉ်အခါက ဦးမြမောင်တို့လို အမေက ဒါးတန်းရေခဲစက်ပိုင်ရှင်၊ အဖေက ပြင်သစ်နိုင်ငံတွင် ကျောက်ဆိုင်ပိုင်ရှင်သူဌေးများ၏ဇစ်မြစ်လုပ်ငန်းမှာ မိုးကုတ်ကျောက်တွင်းများဘဲဖြစ်သည်။ ဖွားသန်းက “မြမောင်သုံးမှ ငွေဝင်တာလို့” အမြဲဆိုတတ်တယ်ဆိုတော့ ဦးမြမောင် ငွေကိုလေလိုသုံးနေတာသည် သူမိဘတွေက ငွေကိုမုန်တိုင်းလိုဝင်လို့ဆိုတာ တွေးကြည့်စရာ မလိုလောက်ဟုထင်ပါသည်။ ထို့ကြောင့် ဦးမြမောင်တို့၏အမေကြီးဖွားခင်တွင်းမှာလည်း စက်တွင်းကြီးသာဖြစ်ပါသည်။ ယခုအခါတွင်တော့ ထိုနေရာမှာ နိုင်ငံတော်၏နိုင်ငံကျော် ကုဋေကဋာမိုင်းဟုသိရပါသည်။ အဖွားခင်၏စက်တွင်းကြီးတွင် ကိုသိန်းမောင်က ပက်အိုင်စောင့်တာဝန်ယူရပါသည်။ ပက်အိုင်စောင့် ဆိုတာကို နည်းနည်းရှင်းရလျှင် အင်းပြဲပြဲကြီးတွေထဲက ဗြုံးနှင့်မြေစာတွေကို စက်ကြီးတွေနှင့် ဆွဲစုပ်တင်ရာတွင် ဗြုံးစုပ်ပိုက်ကြီးတွေချသောနေရာ၌ အိုင်ငယ်လေးရှိပြီး ထိုအိုင်ငယ်လေးနေရာထဲတွင် အလုပ်လုပ်ရသူဖြစ်ပါသည်။ ဗြုံးမြေစာတွေကို ရေနှင့်အတူ အိုင်ငယ်လေးထဲ ဆွဲချကာ ဗြုံးစုပ်သောပိုက်ကြီးတွေအတွင်း ကြွေးပေးရသည်။ ခဲကြီးများကိုတော့ ရွေးဖယ်ပေးရသည်။ ပက်အိုင်စောင့်သူမနပ်လျှင် ဗြုံးစုပ်စက်အတွင်း ခဲညှပ်တတ်ပါသည်။ ပိုက်ကြီးတွေအတွင်း ခဲတစ်တတ်ပါသည်။ ဒါကြောင့်အတန်အသင့် စက်တွင်းအတွေ့အကြုံရှိသော ကိုသိန်းမောင်တို့လို လူတွေကိုသာ ပက်အိုင်စောင့် ထားကြသည်။
တစ်နေ့…..အဲ့ဒီတစ်နေ့မှာတော့ ကိုသိန်းမောင်ပက်အိုင်စောင့်နေစဉ် သတိထားနေသည့်ကြားက ခဲတစ်လုံးညှပ်ပါသွားသည်။ သည်ခဲက ပိုက်တွင်းတစ်သောအခါ ဗြုံးစုပ်စက်မှ မီးခိုတွေလုံးတက်သွားသည်။ “လျော့……လျော့” ကိုသိန်းမောင်ကြုံအော်သောအသံအဆုံးတွင် စက်မောင်းက စက်ကိုလျော့ချလိုက်ရာ ပိုက်တွင်းရှိရေနှင့်မြေများ ပြန်လျောကျလာသည့် အရှိန်ကြောင့် တစ်နေသောခဲလည်းကျလာသည်။ ကိုသိန်းမောင် ဒုက္ခပေးသောခဲကို ပက်အိုင်ထဲမှ နှိုက်ထုတ်ပြီး တစ်ချက်ကြည့်ကာ ခါးကြားထိုးထားလိုက်သည်။ ထိုတစ်နေ့လုံး ကိုသိန်းမောင် တွေးဝေငေးမောခြင်းဖြင့်သာ အဆုံးသတ်သွားတော့သည်။
ညနေ တွင်းသိမ်းပြီးတက်သောအခါ ကိုသိန်းမောင်အ၀တ်မလဲ။ ရေစိုပုဆိုးနှင့် မီးဖိုဘေးထိုင်နေသည်။ တွင်းမန်နေဂျာက “သိန်းမောင်ဘာဖြစ်သလဲ အင်္ကျီလဲလေ” ဆိုတော့ “ပေါလန်ခေါ်ပေး” ဟုသာ ဘောက်ဆတ်ဆတ်ပြန်ပြောသည်။ မန်နေဂျာလည်း ယခင်နေ့စဉ်ကြုံနေရသော ပုံမှန်အနေထားမှ သိန်းမောင် အနည်းငယ်ထူးခြားနေသဖြင့် မိုးကုတ်ဆင်းပြေးကာ ပေါလန်ကိုသွားခေါ်သည်။ နေ၀င်လုနီးခါမှ ရေးကြီးသုတ်ပြာရောက်လာသော မန်နေဂျာကို ပေါလန်ကမေးရာ ဖြစ်ကြောင်းကုန်စင်ပြောပြသည်။ သိန်းမောင်သိပ်မဟန်တော့။ တစ်ခုခုတောထူးပြီ။ သည်မှာနပ်သောပေါလန်က တစ်ချက်ပြုံးကာ မိုးကုတ်အရှုပ်ဆိုင်မှ အရက်တစ်ဖာဆွဲပြီး အမြည်းတွေပါ လင့်ရိုဘာပေါ်တင်၍ လိုက်ခဲ့သည်။ ပေါလန်၏ လင့်ရိုဘာတွင်းအ၀င်မှာ သိန်းမောင် ဆတ်တောက်ဆတ်တောက်လျှောက်လာပြီး ကားဘောနက်ပေါ် ဂွပ်ခနဲ ချလိုက်တာက နီလာတုံးကြီး။
ကျောက်ပေါင်းများစွာ ကောက်သိမ်းလာဖူးသော သူဌေးပေါလန်မင်သက်သွားစေသည့် နီလာတုံး။ လေးလက်မဗြုံးစုပ်ပိုက်အတွင်း တစ်ခဲ့သောနီလာအရိုင်းတုံး။ အားလုံး“ဟာ”မှလွှဲ၍ နောက်ထပ်အသံမထွက် နိုင်ကြ။ “ဟဲ့သိန်းမောင် ဒီလိုမလုပ်ရဘူး၊ ဒါက ကျောက်မြတ်ဟဲ့၊ ရိုရိုသေသေအပ်” ဆိုမှ ကိုသိန်းမောင် လက်နှစ်ဖက်ဖြင့်ကိုင်၍အပ်သည်။ ထိုနေ့က ပေါလန်ရော တွင်းသားတွေရော ချာချာလည်သွားကြတော့သည်။ ဒါက ဟေဗရူးပုံပြင်တစ်ပုဒ်မဟုတ်ပါ။ ကိုသိန်းမောင်မှာလည်း မိုးကုတ်-မန္တလေးကားလမ်းဘေးရှိ သစ်ဆိမ့်ကုန်း ရွာသားစစ်စစ်ဖြစ်ပါသည်။ မလိုချင်လို့အပ်ပေးလိုက်သော အဖြစ်က တကယ်ရှိခဲ့ပါသည်။ အပ်ပေးလိုက်တာ ကလည်း မျိုးတုံးပဲတုံးမဟုတ် ရတနာစင်စစ်ဖြစ်ပါသည်။ ကိုသိန်းမောင်ကလည်း ရတနာ နားမလည်သူငထုံငအ မဟုတ်ပါ။ ပတ္တမြားမြေဇာတိသားဖြစ်ပါသည်။
တွင်းသားစစ်စစ်ဘ၀မှ သူဌေးမြှောက်စားသူဘ၀ နေ့ချင်းပြောင်းသွားသူ ကိုသိန်းမောင်ကို သူ့ပေါလန်တွေက ကားတစ်စီးနှင့်ထားသည်။ တွင်းကြီးတစ်တွင်းအားကြီးကြပ်ရန်ပေးထားသည်။ မိုးကုတ်က အရှုပ်တို့ အနှံတို့ဆိုင်တွေမှာ မှာထားသည်။ သိန်းမောင်လာစားသမျှ လာယူသမျှ ဘေဖွင့်ထား။ ကိုသိန်းမောင် ဘ၀ကလည်း လိုတိုင်းရတတိုင်း ပြည့်စုံသွားသည်။ သည်မှာ ဇာတ်လမ်းလေးသိမ်းသွားလျှင် ပုံပြင်သာသာ ကိုသိန်းမောင်ဇာတ်ကြောင်းကို ကျွန်တော်မှတ်တမ်းတင်ဖြစ်ချင်မှ တင်မိပါဦးမည်။ ကျွန်တော်မှတ်တမ်းတင် မိခြင်းကား ပါရမီရှင်မဟုတ်သော ကိုသိန်းမောင်သည် လူတိုင်း ငမ်းငမ်းတက်ကြသည့် အိမ်မက်လို စည်းစိမ် ဘုံကြားတွင် နေနေရသည်ကို စိတ်ကုန်သွားကာ တောထွက်သွားသဖြင့်ဖြစ်ပါသည်။ မရသင့်မရထိုက်တာကို မလိုချင်ခဲ့သော ကိုသိန်းမောင်သည် ရသင့်ရထိုက်တာကိုလည်း ၀ါယမစိုက်ရခြင်းမရှိ အလွယ်တကူရနေသော အခါ အားနာသွားပြီး တောရပ်ခိုလှုံသွားသည်ဟုဆိုပါသည်။
ရုပ်ရှင်တွေထဲမှာလိုဆိုလျှင်တော့ အနှစ်နှစ်အလလကြာပြီးနောက်ဟု စာတန်းထိုးရလိမ့်မည် ထင်ပါ သည်။ ကိုသိန်းမောင်တို့ လက်နက်ချကာ အလင်းဝင်လာသည်။ သည်မှာ ကျွန်တော့်ဘာသာ ဖြည့်တွေးလိုက် မိတာက အမှောင်ထဲမှ လက်နက်ကိုင်ထားရသူ ကိုသိန်းမောင်သည် ထိုစဉ်အခါက ပတ်ဝန်းကျင်တစ်ခို ယမ်းသံကျည်သံတွေ တစ်ဖြောင်းဖြောင်း တစ်ဒိုင်းဒိုင်းရှိနေတတ်သည့် အညိုရောင်နယ်မြေအတွင်းရှိ သူ့ပေါလန်၏စည်းစိမ်ကို မပြစ်မှားခြင်းဘဲဖြစ်သည်။ သူလိုလျှင် ပေါလန်သူဌေးအရာ အလွယ်တကူ သိမ်းယူနိုင်ပါလျှက် သူကမျက်စပင်မပစ်ခဲ့ပါ။ ဒါ့ကြောင့် ကျွန်တော်သည်သမိုင်းကို လေးလေးစားစား မှတ်တမ်းတင်မိခြင်းဖြစ်သည်။
ကိုသိန်းမောင် အလင်းဝင်ပြီးနောက် သူ့ရွာကလေးသစ်ဆိမ့်ကုန်းပြန်သွားပြီး သီးပင်စားပင်များ စိုက်စားကာနေထိုင်သည်။ ရေစက်ဆိုတာမျိုးက မကုန်နိုင်သေးတော့ သူမန္တလေးဆင်းဈေးဝယ်သောအခါ သူ့ပေါလန်နှင့် မမျှော်လင့်ဘဲတွေ့သည်။ ပေါလန်ခမျာ ၀မ်းတွေသာလွန်းလို့ ကိုသိန်းမောင်လက်ကို ဆွဲထား ရှာသည်။ “ငါရှာနေတာ အတော်ကြာပြီ”တဲ့။ “ဘယ်ရောက်နေတာလဲ” “ဘာလုပ်စားသလဲ”တွေ အလွမ်းသယ် ကြပြီးနောက် ကျေးဇူးသိတတ်သောပေါလန်က ကိုယ်တိုင်လိုက်လာကာ ဆရာဝန်ဒေါက်တာခင်မောင်၏ကား မစ်ဆူဘီရှိဝီလီဂျစ်ကို ကုန်တင်စားစရာထွေလာဖြင့်အစုံလိုက် ၀ယ်ပေးလိုက်သည်။ အရင်းရောအနှီးရော မလိုအောင် ထောင်ပေးလိုက်သည်။ ကိုသိန်းမောင်၏သစ္စာတရားက လမ်းတွေ့တာတောင် ရှောင်မသွားတတ် သည့် ပေါလန်အတွက် ထိုက်တန်ခဲ့ပေသည်။
တစ်ရက်တွင် ကျွန်တော်ကိုသိန်းမောင်အကြောင်း မိတ်ဆွေများကြားပြောပြဖြစ်ပါသည်။ စိတ်ဝင်တစား နားထောင်ကြရင်း တစ်ယောက်က “ခင်ဗျား ကိုသိန်းမောင်က အဲ့ဒီတုန်းက လူလွတ်လားဗျ” ဟုမေးပါသည်။ ကျွန်တော်ကလည်း “လူပျိုကြီးထင်တာပါဘဲ” ဟုဖြေမိသောအခါ သူကအဖြေရသွားသော ဦးစံရှားပုံစံဖြင့် “ဒါ့ကြောင့်ကိုး” လို့ပြောသွားပါသည်။ ရသင့်ရထိုက်တာတွေကို ဂုတ်ခွပိုးစီးထားသည့်အပြင် မရသင့်မရထိုက် တာတွေနောက်သို့ ကျားစီးဖားစီးလိုက်နေကြသည့် ကျွန်တော်တို့လူ့ဘောင်လောကတွင် မလိုချင်လို့ ဖြစ်သောအမှုက ပုံပြင်မှတ်ထင်ခဲ့ရပါသည်။ ကိုသိန်းမောင်လိုလူတစ်ယောက်ကတော့ဖြင့် မြင်ကွင်းမှ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားခဲ့ပါပြီ။
                                                                             ပေးပို့သူ
                                                                                        ပြတ်သား

Thursday, December 27, 2012

မြနန္ဒာဂျာနယ်အတွဲ(၁) အမှတ်(၄၄)မှာပါတဲ့လက်ရာလေးပါ

“မကလည်းတီး၊ ကလည်းတီး”
မကလည်းတီး၊ ကလည်းတီး၊ မတီးလည်းက၊ တီးလည်းကဟေ့။
ပြီးခဲ့သည့် ကထိန်ကာလက ဖြစ်ပါသည်။ သည်တေးကို သူတို့ လမ်းတွေပေါ်မှာ ဆိုနေကြပါသည်။ လူတိုင်း လက်တွေ လေမှာဝေ့လို့မြှောက်လို့ ကနေကြပါသည်။ အိုးစည်ပုအိုက်အိုက်ကြီး တစ်ဗိုင်းဗိုင်းထုသည့်ဝိုင်းမှာတော့ တိုက်ပုံတွေဝတ် ခမောက်တွေဆောင်းလို့။ သူတို့ ခြေတွေကလည်း မြေပေါ်မှာ စိတ်ချလက်ချဖြင့် ခုန်ကြသည်။ ဆယ်ကျော်သက်အရွယ်ကစလို့ လေးဆယ်ကျော် ငါးနှစ်တွင်းတွေသာမက ပျိုပျိုအိုအို၊ ကိုကိုမမ၊ ဦးကြီးဒေါ်လေး တွေ အကုန်ပါကြသည်။ သည်မြေကို ဧည့်သည်အဖြစ်လာရင်းက ချစ်လို့အခြေချခဲ့ကြသော ဆရာဝန်၊ ဆရာမ၊ စာတိုက်ဗိုလ် စသူတွေပါလိုက်ဆိုကြသေးသည်။ သည်တေးက သူတို့၏ရိုးရာတေး၊ ဘ၀ဒဿနတေး၊ ကာလအလျား ပြတေး၊ သမိုင်းတေးလည်း ဖြစ်ပါသည်။
သူတို့သည်မြေပေါ်မှာ အုပ်လိုက်သင်းလိုက် အခုလိုမထွက်နိုင်ခဲ့တာ လွန်ခဲ့သောနှစ်ဆယ့်သုံးနှစ် အတိတ်ဆိုးနှင့်ကြုံခဲ့ရကတည်းကဖြစ်သည်။ သည်နှစ်ဆယ့်သုံးနှစ်တာမှာ သူတို့ညိုးရော်ခဲ့ကြသည်။ နွမ်းငိုက်ခဲ့ကြ သည်။ အကွက်ကျကျ ထိုးသိပ်တာခံလိုက်ရတာဟုလည်း သဘောပိုက်ခဲ့ကြသည်။ ဘယ်သူ့ဘယ်သူ့မှ အပြစ်မဖို့ သူတို့ မကလည်းတီး၊ ကလည်းတီး၊ မတီးလည်းက၊ တီးလည်းကရင်း နေခဲ့ကြပါသည်။ အရင်တစ်ခေတ် တစ်ခါက သည်မြေမှာလေလိုဝေ့ခွင့်ရခဲ့ဖူးတာ သူတို့ဘဲမဟုတ်ပါလား။ အင်္ဂလိပ်အစိုးရက ၁၈၈၇ခုနှစ် အောက်တိုဘာလမှာ ရူဘီဒရက်ဂူလေးရှင်းထုတ်ပြန်ပြီး ရတနာတူးစားခွင့်ပေးခဲ့ရတာ သူတို့ဂုဏ်မာနဘဲ ဖြစ်သည်။ သူတို့၏သွေးတွေ ထဲတွင် ရတနာပုန်းခိုမည့်နေရာကို တပ်အပ်ဟောနိုင်သည့် ပုဏ္ဏါးတစ်ပါးရှိလေသည်။
သက္ကရာဇ်၅၇၉ခုနှစ် မိုးမိတ်စော်ဘွားကြီးသိုဟန်ဖတ်လက်ထက် မုဆိုးသုံဦးတောလည်သွားရာမှ လမ်း ပျောက်ကာ သဖန်းပင်ကြီးအောက်တွင် အိပ်စက်ခဲ့ရပြီးနောက် နံနက်မိုးသောက်သောအခါ ကျီးများ ၀ဲနေသော နေရာတွင် သွေးညှိနံ့မရှိ ပကတိသန့်စင်နေသော အနီရောင်အတုံးအတစ်များ တွေ့ခြင်းအစသည် သူတို့သမိုင်းဘဲ ဖြစ်သည်။
မိုးမိတ်စော်ဘွားသိုဟန်ဖတ်က သည်နေရာကို ဟိန်းခေါ်အုပ်ချုပ်သူတစ်ဦးနှင့် လွှတ်ကာစောင့်ရှောက် စေသော လူတစ်စုသည် သူတို့၏ဘိုးဘွားများဘဲဖြစ်မည်။ ထို့ကြောင့် သူတို့ရှမ်းစပ်သည်။ ရှမ်းပုံပေါက်သည်။ စကားက၀ဲတဲတဲ။ ပါးအို့ကနီနီရဲရဲ ပတ္တမြားသွေးလေးတွေစို့လို့။ သူတို့ထံတွင် ရှမ်းဓလေ့တွေရှိသည်။ ပဲပုတ်စားသည်။ နှစ်စဉ် မျှစ်ချဉ်တည်သည်။ “အမဲချဉ်ချိုစိုး၊ မိန်းမ၀ါးလုံးစီး၊ ပေါက်စီနှစ်ပြားဖိုး”ဟု ရှမ်းသံလိုလို၊ ဓနုသံလိုလိုနှင့် မြန်မာလိုအော်ကာတိုင်မင်ခေါ်ပြီး ဓနုအိုးစည်၊ တောင်ရိုးအိုးစည်တီးကြသော်လည်း ဓနုလည်းမဟုတ်။ သူတို့ကား မိုးကုတ်သား ဖြစ်ကြပါသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၈၀၀ကျော်တွင်ရှိသော သူတို့အရပ်က မိုးအလွန်များသည်။ တောက အုပ်သည်။ ခရီးကလှမ်းသည်။ သွားရသောကတ္တရာလမ်းက ကြမ်းသည်။ အင်္ဂလိပ်တို့က သပိတ်ကျင်းမှ မိုးကုတ်သွားနိုင်ရန် ၁၉၁၁ခုနှစ်ရောက်မှငွေ(၁၅)သိန်းခွဲအကုန်ခံကာ ကတ္တရာလမ်းကိုဖောက်သည်ဟု သိရသည်။ နှစ်စဉ်လမ်းပြုပြင်စရိတ် ငွေတစ်သိန်းသတ်မှတ်သည်။ ၁၉၁၁ခုနှစ် လမ်းပြင်စရိတ်ငွေတစ်သိန်းသည် ယခု၂၀၁၂တွင် မည်မျှလောက်ဖြစ်မည်ကိုတော့ ကျွန်တော်လည်းမသိ။ သပိတ်ကျင်းကသင်္ဘောဆိပ်မြို့။ သပိတ်ကျင်းရောက်အောင် ရေကြောင်းကလာရသည်။ ယခုမိုးကုတ်-မန္တလေးကားလမ်းတွင် သပိတ်ကျင်းလမ်းခွဲဖြစ်သောဖော့တောနဲ့လက်ပံလှကို ဆက်သောလမ်းက ၁၉၆၁ခုနှစ်ရောက် မှ ဖောက်ခဲ့ခြင်းဖြစ်သည်ဟု မှတ်သားထားရသည်။
ဆောင်းတွင်းတွင် ရေခဲအောင်အေးသည်။ ဆောင်းနှင့်အတူ လူတွေကလည်း အေးသည်။ စရိုက်ကလည်းအေးသည်။ နွေဆိုတာမရှိ။ အချုပ်ခန်းမှာလူဆိုတာမရှိ။ နတ္ထိအခန်း။ “ဥစ္စာကံပေးမရသေး နှောက်နှေးဗျာပါမရှိရာ”ဟု နှလုံးပိုက်သောသူများလည်းဖြစ်သည်။ သူများနှင့်ယှဉ်မတုသလို ယှဉ်လည်းမလုလိုသူများ ဖြစ်သည်။ ဒါ့ကြောင့် အရာရာ နောက်ကျခဲ့သည်။ ဆက်သွယ်စရာဆိုတာ ကြေးနန်းအပြင် တကျွီကျွီလှည့်ရသော ဖုန်းခေတ်မှလွတ်သည်မှာ မကြာသေး။ ယခုတော့ ဂျီချပြီဟုသိရသည်။
ဆက်သွယ်မှုဧရိယာ ပြင်ပနေရတော့လည်း အေးဆေး။ ဆယ်လူလာကို လိုင်းမိတဲ့တောင်ပေါ်တင် ကြိုးမဲ့ ကော့တလက်ဖြင့် မြို့ထဲချ ဇိမ်နဲ့ပြောခဲ့ကြသည်။ အိမ်တိုင်းက ရေဒီယိုဖွင့်ပြီး ဖမ်းနားထောင်နိုင်သည်။ ရွှေဈေး၊ ဆီဈေး၊ ဆန်ဈေးသာမက မြို့မှာကျန်ခဲ့တဲ့ ပလီပလာတွေနှင့် အီတာ ကြည်တာတွေလည်း ကြားနိုင်သေးသည်။ သတိမထားဘဲ ပြောလိုက်မိလို့ကတော့ ရပ်ကျော်ရွာကျော်။ ပတ္တမြားFMအစစ်ဖြစ်သည်။ ပတ္တမြားမြေ၏ ရသစုံ ကော့တလက်အသံလွှင့်ရုံ ကလေးများသည် ဒေါ်နန်းကြည်တောင်တော်စောင်းတွင် ရတနာပုံ နေပြည်တော်ဘက် မျှော်လို့ အစီအရီ။
(မယုံမရှိလေနှင့် လျှပ်စစ်ဓါတ်အားကို ပထမဆုံးပေးခဲ့ဖူးသောမြို့မှာ ပြတ်သားတို့မိုးကုတ်မြို့ဟု မှတ်သား ထားရသည်။ သို့ရာတွင် ပြတ်သားတို့၁၉၉၅ခု ဆယ်တန်း အောင်တာတော့ အာလာဒင်နှင့် ဖြစ်သည်။)
မဖြစ်သေးတာကံဟု ယုံကြသည်။ တစ်ချိန်ကဖြစ်ခဲ့ပြီးပြီဟု သဘောထားကြသည်။ ငါ့တို့ဆီမယ် ရုပ်ရှင်ရုံ ဆိုတာနှစ်ရုံ။ ဓါတ်ဆီတိုင်ဆိုတာ နှစ်တိုင်။  စာတိုက်၊ ဆေးရုံစုံခဲ့ပါပကောကွယ်လို့ ဖြေသိမ့်ကြသည်။ ဒါကြောင့် ပတ္တမြားမြေအမတ်ကြီးတွေ ယခုတိုင် လွှတ်တော်မှာ အေးအေးဆေးဆေး ထိုင်နေနိုင်တာလည်းဖြစ်မည်။
သို့သော် ၁၉၉၅ခုနှစ်၊ စက်တင်ဘာလတွင် ပြဌာန်းလိုက်သော မြန်မာ့ကျောက်မျက်ရတနာဥပဒေနောက်က ခရိုနီလူတစ်သိုက် ငွေထုပ်တွေပိုက် လိုက်လာသည်ကိုတော့ မျက်စီမှောက်မှား၍ သတိမမူသဖြင့် ဂူဟုမမြင်ခဲ့ကြပေ။ သည်ခရိုနီဂူတွေထဲမှာ လက်ငုတ်တွေ မြှုပ်နှံလိုက်ရတာကိုလည်းကြမ္မာဟု သူတို့ထင်ခဲ့ကြသေးသည်။ သည်ကြမ္မာ တွေကို လက်ဖက်တွေပြေးခူးရင်း တံမြက်စည်းတွေယက်ရင်း အံတုခဲ့ကြသည်။ (မိုးကုတ်တံမြက်စည်းက လူကြီးသုံး သူဌေးသုံးမဟုတ်ပါလား) တယ်သီးတွေထုံးစိမ်သည်။ မက်ခေါက်သီး၊ ချည်စော်ကားသီးတွေ ယိုထိုး။ ကိုးတောင်ဝတ် ကျားတွေက ရမည်းသင်းသွား။ အားကိုးစရာ ယောင်္ကျားဘဲ ခပ်ရှားရှားဖြစ်လာသည်။
တစ်ချိန်တစ်ခါက တွင်းသားလုပ်ရန် အနောက်ဘက်နယ်တွေက အိပ်ယာလိပ်တွေပိုက်ပြီး မိုးကုတ်မန်းကား၊ ဗဟိုစည်ကား၊ ကျားခေါင်းကား ခေါင်မိုးတွေပေါ်မှ  ချီတက်လာသူများအရပ်ထံတစ်ပြန်ကြော့လို့ ဂလဲ့စားချေရန် ကျွန်တော်တို့မိုးကုတ်သားတွေ ချီတက်ရပြန်သည်။ နာရီပြင်၊ ခေါက်ဆွဲလာရောင်းသော ဆွေမျိုးပေါက်ဖော်တို့ ထံလည်း ဟိုတယ်သန့်ရှင်းရေး၊ ထမင်းချက်ပန်းကန်ဆေးရန် ကျွန်တော်တို့အရပ်သမီးတွေ ခြံခုန်ပြေးရပြန်သည်။ ဒါကလည်း ကြမ္မာရဟတ်ပဲဖြစ်မည်။
ပေါက်ပြားတစ်လက် ဆန်ခါတစ်ချပ်ရှိလျှင် ဘယ်နေရာမဆို ကျောက်ရှာစာလို့ရတယ်ကွ။ ထာတစ်ချပ်ရှိလျှင် ကုန်သည်ပွဲစားလုပ်စားလို့ရတယ်။ မှတ်တစ်ချပ်၊ ကျောက်သွေးခုံတစ်လုံးရှိရင် မီးပုံးနှင့်ကျောက်တံ ကျွဲချိုညှပ် ကိုင်ထားနိုင်သေးရင် အသွေးအပ်မယ့်သူကမရှားဘူးကွဆိုတဲ့ မာန်တွေကို ခရိုနီမြှားတွေမှန်ကုန်သည်။ နောက်ပိုင်း ဗလက်ကင်ဝှိုက်တီဗွီမှန်တွေကို ကျောက်တံမှာတပ်လို့ စိတ်ဖြေသွေးလေးသွေးရတာကိုပင် သွေးစရာရှိတာ ဟုတ်သေးတာပဆိုဘဲ။ အင်္ဂလိပ်အစိုးရလက်ထက်က လစဉ်နယ်ပယ်ရုံးတွေမှာ ရတနာရောင်းပွဲတွေ ကျင်းပ ပေးခဲ့တာ အမှတ်ရဖို့ကောင်းသည်။ အဲ့ဒီအခါက စထရိတာ(Streeter&Co)က လက်ဝါးကြီးအုပ်သည်ထားတော့ မိုးကုတ်သားတွေ ပြုံးပြုံးနဲ့ လစဉ်ငွေတွေအိတ်ထဲ ထည့်ထည့်ပြန်ကြမှာ သေချာနေသည်။ ရတနာက သူတို့ဘဲ ထုတ်လို့ရတာကိုး။
နယ်ချဲ့အင်္ဂလိပ်ကို တောင်းတနေခြင်းမဟုတ်ပါ။ နယ်ချဲ့အင်္ဂလိပ်က နယ်သူနယ်သားတွေကို အသိအမှတ် ပြုတာကို အမှတ်ရနေခြင်းဖြစ်ပါသည်။ ဒီလိုရတနာရောင်းပွဲတွေက နယ်ချဲ့အင်္ဂလိပ်ပြန်တော့ လိုက်ပြန်သွားကြတာ အယုဒ္ဓယရောက်မှဆင်းနေခဲ့တော့ ယခုထက်တိုင် မိုးကုတ်ရတနာတွေကို အလောင်းဘုရားရဲ့ကိုလိုနီတွေက သူတို့တွင်းထွက်တွေလို့ ခပ်တည်တည်ဖြီးပြီးရောင်းစားနေကြတာ များကြားရတော့ ရင်နာစရာ။
အခုခါ သူတို့မှာ တူးစရာမြေတွေ ပျောက်ပြီ။ ငွေကိုလေလိုသုံးတာဟာ မိုးကုတ်သားလို့ ဆရာသော်တာဆွေကသာ မှတ်တမ်းတင်မထားရင် ဟာသစကားဘဲ ဖြစ်တော့မည်။ မြေတွေကို ဇောက်ထိုးမိုးလှန် သွန်မှောက်ကုန်ပြီ။ စက်ကြီးတွေက မှုတ်တင်လိုက်သောရေပိုက်ထိပ်မှ ရေပန်းဝါ၀ါကြီးတွေ တဖွားဖွားကျတာ အဝေးကသာငေးခွင့်ရတော့သည်။ လက်တံရှည်ရှည်ကြီးတွေနှင့် အကောင်ဝါ၀ါကြီးတွေက သူတို့အသဲတွေ၊ သူတို့နှလုံးတွေ၊ သူတို့အသားတွေကို ကုတ်ခြစ်နေပြီ။ လွတ်လပ်ရေးကျောက်တိုင်က အကျိုးတူတွင်းကို ဦးညွတ်နေပြီ။ ဘောလုံးကွင်းက ရေအင်းဖြစ်ပြီ။ အရင်က သူတို့ဒါတွေမမြင်ဖူးခဲ့။ ၀ါးဖိုနဲ့ရေစုပ်မယ်။ သစ်သားရေမုံခွက်မှာပေါက်ပြားခုတ်ရင်းဗြုံးဆေးတယ်။ ပုတ်တောနဲ့ခနွှဲဆေးမယ်။ လေးပင်ကျင်းနဲ့တွင်းဖောက်မယ်။ ဒါလောက်ပါဘဲ။ သူတို့ချစ်သောမြေထဲက ရတနာထုတ်ကြတာ အသားထဲကဆူးထွင်တာလို တကယ့်ကိုမှ တယုတယလေးဖြစ်သည်။ သူတို့ဘိုးဘွားပိုင်မြေ အရေပြားတွေ ပွန်းကုန်မှာမကြည့်ရက်ကြတာလည်းဖြစ်မည်။
ကျွန်တော် သေချာပြောနိုင်တာကတော့ တွင်းဆိုတာမျိုးက မြေကိုဘယ်လို သွန်လို့မှောက်လို့လှန်လှန် လေးပင်ခေါ် လေးပေကျယ်တွင်းလေးလောက်နှင့် တစ်တောင်တစ်ဆုတ် ဗြုံးအုပ်ကလေးနောက်သို့ လှိုင်ဖောက် လိုက်တတ်မှသာ ရတနာပါ ပါမည်။ ဒါကအနုပညာဆန်ချင်လည်း ဆန်နေမည်။ ဒါကို မိုးကုတ်တွင်းဆရာတွေက ဗြုံးကျောမြေကျောရောက်အောင် အုန်း၊ ထုပ်၊ တိုင်ခံဆိုတဲ့ မျှောသားတိုင်များ သုံးကာဖောက်ပြီး တွင်းမြေသား၊ ရေအနေ အထားတွေအရမြက်သပ် (မြက်ကို ၀ါးနှင့်သပ်)၍ လေးပင်တွင်းဆင်းကြခြင်းဖြစ်သည်။ ဒါတွေအပြင် ဗြုံးမြေလွှာအောက်မှာ အခံဆိုတာရှိသည်။ မိုးကုတ်အခေါ်အခံပေါက်လျှင် ရတနာရှိရာ မြေလွှာကုန်လေပြီ။ တစ်ခါတစ်ခါ အခံက ပေရာချီနက်တတ်သော်လည်း တစ်ခါတစ်ခါ ခါးလောက် ရင်ဆုတ်လောက်မှာပင် အခံပေါက် တတ်သည်။ အခံရောက်တာကိုမှ ဇွတ်တွန်းဖောက်လျှင် စရိတ်ကုန်လူပန်း အကျိုးနတ္ထိပဲဖြစ်မည်။ ခေတ်မီသော အမြင်ဖြင့်ပြောရလျှင် သဘာဝပတ်ဝန်းကျင်ဖြုန်းတီးနေမှု သက်သက်ပဲဖြစ်သည်။
လူကြီးတွေကတော့ အခုခေတ်ကောင်တွေက ငတို့လောက် ကျောက်မရကြပါဘူးကွာတဲ့။ သူတို့ပြောလည်း ပြောချင်စရာ ရတနာဆိုတာမျိုးကလည်း ရှာတတ်သူကိုပင် တူတူပုန်းတတ်သည့်အမျိုး။ တွင်းသားထဲမှာ စည်းဖောက်သူပါရင် ငတိုငလျှိုပါရင် တိုဖို့လျှိုဖို့ စိတ်ကူးသူပါလျှင် ကိုယ်ကျင့်ပျက်သူ မယားခိုးပါလျှင် လာဘ်တိတ်၍ တွင်းဆေးရင်းကျောက်မြင်ပါလျှက် ကောက်လိုက်မှပျောက်သွားတတ်တဲ့အမျိုး၊ ရဲခနဲမြင်လိုက်ပါလျှက် ကွယ်သွား တတ်တဲ့အမျိုး။ ဒါကိုပြကျောက်ဟုခေါ်ကြသည်။ ရတနာရှိသည် မထိုက်လို့ လို့ပြသောကျောက်။ ဒါ့ကြောင့်ရတနာ လာရှာလျှင် ကိုယ်ကျင့်ပါပြင်လာဖို့တော့ လိုလေသည်။ မိုးကုတ်သားတွင်းဖောက်မှ ကျောက်ရမည်ဟုဆိုလျှင် ကျွန်တော်လွန်တော့မည်မထင်။
၁၈၈၉ခုနှစ်တွင် အင်္ဂလိပ်တို့၏မြန်မာ့ပတ္တမြားတွင်းကုမ္ပဏီသည် ပထမဆုံးမိုးကုတ်တွင် ခေတ်မီစက်ကိရိယာ များဖြင့်တူးခဲ့ပြီး ၁၈၉၆ကစလို့အခြေအနေယိုင်နဲ့လာသဖြင့် ၁၉၃၁ခုနှစ်မှာ သူတို့စက်တွင်းတွေကို အကုန်ရပ်ဆိုင်း ကာ ကုမ္ပဏီတစ်ခုလုံးဗြိတိန်ပြန်ပြေးကြသည်။ ၁၉၆၂ခုနှစ် နောက်ပိုင်းတစ်ဝိုက်မှာတော့ နယ်ချဲ့အင်္ဂလိပ်ကပင် တွင်းတူးလိုင်စင်ချပေးခဲ့ရသောမိုးကုတ်သားတို့ ကိုယ့်ရေတွင်းမှာကိုယ် တိတ်တိတ်ကြိတ်ခပ်တတ်လို့ ရေလေးတော့ ရွှင်ရွှင်သုံခဲ့ရသေးသည်။ စည်စည်ဝေေ၀လေးနေခဲ့ရသေးသည်။ ဒါကလည်း ရန်သူမျိုးငါးပါးတတိယနှင့်ပဉ္စမသားတို့ ကြားမှဖြစ်သည်။ ၁၉၉၅ခုနှစ် နောက်ပိုင်းတွင်တော့ကြမ္မာငင်ကာ မကလည်းတီး ကလည်းတီး မတီးလည်းက တီးလည်းကရင်း နေလာလိုက်ကြတာ ယခုတိုင်ဘဲဖြစ်သည်။
မိုးကုတ်သူ၊ မိုးကုတ်သားတို့က သူတို့အိမ်လာလည်သောဧည့်သည်ပြန်လျှင် “ဖြည်းဖြည်းနော်”လို့ နှုတ်ဆက်တတ်ကြသည်။ ထိုအခါ နားမလည်ရှာသောဧည့်သည်တို့ ပြန်ဟန်ပြင်မှ ထိုင်ကြပြန်လေသည်။ ၂၀၀၈ဖွဲ့စည်းပုံဖြင့် ၂၀၁၀ကစပြီး ပြည်သူ့ဆန္ဒစာမျက်နှာသစ် ခင်းကျင်းဖွင့်လှစ် လိုက်သောအခါ ခရိုနီ၊ ခရိုပြာနှင့် မြန်မာ့ကျောက်မျက်ရတနာဗျူရိုကရေစီတို့ကို သူတို့“ဖြည်းဖြည်းနော်”ေ နဦးမည်လားမသိ။
မန္တလေးကထိန်ပွဲအငြိမ့်များဆီက ဆရာမြို့မငြိမ်းရေးသော “လေချိုသွေးတယ်၊ လေ…ချိုသွေးတယ်”  တေးသွားကို ကြားနေပြန်သည်။
“လေချိုသွေးကာ အပျော့ဆွဲ ဆွဲတယ်၊ အားနားတတ်ရင် အားပါလိမ့်မယ်ရှင့်” လို့အမေလေပါတီရဲ့ အသံပဲ ကြားနေမိပြန်သည်။

Tuesday, December 11, 2012

လူငယ်များကို လေဖြတ်ခြင်း ဖြစ်စေသောအကြောင်းရင်း လေးသွယ် တဲ့


အခုခေတ်မှာ အသက်ငယ်တဲ့သူတွေဆိုရင် လေဖြတ်မှာမဟုတ်ဘူးလို့ ယူဆလို့ မရတော့ပါဘူး။ လေဖြတ်ရောဂါ ခံစားနေရသူတွေထဲမှာ လူငယ်တွေလည်း ပါဝင်နေတာကြောင့်ပါ။ ဒါကြောင့် လေဖြတ်ခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်လွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုများခြင်း
စိတ်ကို လျှော့ချပါ။ လေဖြတ်ခြင်းဖြစ်စေနိုင်တဲ့ အန္တရာယ်တွေအကြောင်း ဆရာဝန်တွေကိုမေးရင် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါစသဖြင့် ပြောပြပါလိမ့်မယ်။ လေဖြတ်စေတဲ့ အဓိက အကြောင်းထဲမှာ စိတ်ဖိစီးမှုများတာလည်း ပါပါတယ်။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်တဲ့အခါမှာ သွေးဖိအားမြင့်တက်လာပြီး ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သွေးစေးပျစ်ခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်ခြင်းကင်းဝေးအောင် စိတ်ဖိစီးမှုကို ထိန်းချုပ်ရပါမယ်။

၂။ ရန်လိုခြင်း
အသက်ကြီးခြင်းအကြောင်း လတ်တလော လေ့လာမှုတစ်ရပ်အရ ရန်မူလိုတဲ့သူ၊ အထူးသဖြင့် ရန်လိုတတ်သူတွေဟာ စိတ်အေးလက်အေး နေတတ်သူတွေနဲ့ယှဉ်ရင် သွေးကြောပိုမိုထူထပ်တတ်ကြောင်း သိရပါတယ်။ သွေးကြောတွေ ထူထဲလာဖို့ အချိန်ယူရတတ်ပေမယ့် ပြင်းထန်တဲ့အဆင့်မှာ ဦးနှောက်ဆီကိုသွားတဲ့ အောက်ဆီဂျင် ပြတ်လပ်သွားနိုင်ပါတယ်။ အဲဒီအခါ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီး လေဖြတ်ခြင်း ဖြစ်နိုင်ပါတယ်။

၃။ အထီးကျန်ခြင်း
အထီးကျန်ခြင်းဟာ နှလုံးအပေါ် နာကျင်ထိခိုက်စေတယ်လို့ စာတွေထဲမှာ ဖော်ပြထားပါတယ်။ အထီးကျန်တဲ့ အရွယ်ရောက်သူတွေလို လေးနှစ်ကြာလေ့လာတဲ့ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ အထီးကျန်ဆုံးလူတွေဟာ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတွေနဲ့ မဆိုင်ဘဲ နှစ်တိုင်း သွေးဖိအားမြင့်တက်နေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အထီးကျန်ခြင်းဟာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောပမာဏ မြင့်တက်နေခြင်းနဲ့ ဆက်စပ်မှုရှိကာ ထိုဟော်မုန်း မြင့်တက်ခြင်းဟာ သွေးတိုးစေပြီး သွေးတိုးခြင်းကြောင့် လေဖြတ်နိုင်ခြေ မြင့်တက်ရလို့ပဲ ဖြစ်ပါတယ်။

၎။ အိမ်ထောင်ကွဲခြင်း
အိမ်ထောင်ကွဲထားတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ရေးအဆင်ပြေတဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေကို ၆၄ ရာခိုင်နှုန်း မြင့်မားစေကြောင်း ၂၀၁၀ အမေရိကန် လေဖြတ်ခြင်းအကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ပျော်ရွှင်ဖွယ်မကောင်းတဲ့ အိမ်ထောင်ရေးအခြေအနေရှိသူတွေဟာ အထီးကျန်နေသလို ခံစားရတာကြောင့် ဖြစ်ပါတယ်။



ဒေါတ်တာသီဟသစ် ဘလော့စ်မှ ကူးယူမျှဝေပေးလိုက်ပါတယ်..............။
 
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်...။