Saturday, December 29, 2012


“ကိုသိန်းမောင်လိုလူ”
          ကျွန်တော် အက်ဆေးတစ်ပုဒ်တွင် မလိုချင်၍ဖြစ်သောအမှုအကြောင်း ဖတ်လိုက်ရပါသည်။ ပုံပြင် တစ်ပုဒ်ဟုလည်းဆိုထားပါသည်။ တရံရောအခါကဖြစ်သည်။ ရွှေသဖန်းသီး၊ ရွှေစွန်ပလွန်သီး၊ ရွှေပေါင်မုန့်တို့ စားကာနေထိုင်သော အာဖရိကဒေသတစ်ခုရှိ ခေါင်းဆောင်ဖြစ်သူ၏တဲအတွင်းသို့ လူနှစ်ဦးဝင်လာသည်။ ထိုနှစ်ဦးထဲမှတစ်ဦးက “ကျွန်တော် မကြာသေးခင်က သူ့ထံမှ မြေကွက်တစ်ကွက်ဝယ်ယူခဲ့ပါသည်။ ထို့နောက် ထိုမြေကွက်တွင် မြောင်းတူးသောအခါ အဖိုးတန်ရတနာပစ္စည်းများကိုတွေ့ခဲ့ပါသည်။ ကျွန်တော်သည် မြေကွက်ကိုသာဝယ်ယူခဲ့ပါသည်။ ရတနာများကို ၀ယ်ယူခဲ့ခြင်းမဟုတ်ပါ။ ရတနာများသည် ကျွန်တော် ပိုင်ထိုက်သောပစ္စည်း မဟုတ်သောကြောင့် မူလမြေပိုင်ရှင်အား ပြန်ပေးသောအခါ မြေပိုင်ရှင်က လက်မခံဘဲ ငြင်းနေပါသည်အရှင်”ဟု စတိုင်သည်။
          ထိုအခါ မြေပိုင်ရှင်က ချေပပြောဆိုပုံမှာ “ ကျွန်တော်ရောင်းလိုက်သောမြေတွင် မြေနှင့်တကွအကျိုး ခံစားခွင့်များလည်းပါဝင်ပါသည်။ အကျိုးခံစားခွင့်ဟုဆိုရာတွင် ရတနာပစ္စည်းများလည်း ပါဝင်သဖြင့် ထိုပစ္စည်းများကို ကျွန်တော်ကပြန်လည်လက်မခံထိုက်ပါ။ ကျွန်တော်သည် မြေ၀ယ်သူနည်းတူ ဖြောင့်မတ်မှုကို ခံယူခွင့်ရှိမည်ဟုမျှော်လင့်ပါသည်” ဟူ၍ဖြစ်ပါသည်။
          ခေါင်းဆောင်ကဆုံးဖြတ်ချက်ချသောအခါ အမှုသည်နှစ်ဦးတွင်ရှိသော သမီးနှင့်သားကို ထိမ်းမြားစေပြီး ရတနာပစ္စည်းများကို ခန်းဝင်ပစ္စည်းအဖြစ် လက်ဖွဲ့စေခဲ့ပါသည်။ ဒါက မယုံလျှင် ပုံပြင်မှတ်နိုင်သော ပုံပြင်စစ်စစ်ဖြစ်ပါသည်။
ကျွန်တော်ပုံပြင်လေးဖတ်မိသွားပြီးနောက် ကိုသိန်းမောင်ကို သတိရသွားသည်။ အမှန်တော့ ကိုသိန်းမောင်ကို ကျွန်တော်မသိပါ။ မြင်လည်းမမြင်ဘူးပါ။ အဖေက ကျွန်တော့်ကို ကိုသိန်းမောင်အကြောင်း ပြောပြခဲ့ဖူးပါသည်။ ထို့ကြောင့် အဖေ့ဆီပြေးရသည်။ ပါလာသော လက်ကိုဖုန်းလေးဖြင့် အဖေ့ကို ပြန်ပြောခိုင်းကာ အသံဖမ်းရသည်။ သည်သမိုင်းကိုမှ ကျွန်တော်မှတ်တမ်းမတင်ဖြစ်လိုက်လျှင် ကျွန်တော် မွေးသောမြေကို သစ္စာဖောက်ရာ ရောက်ပါတော့မည်။
လွန်ခဲ့သော တစ်ခေတ်တစ်ခါက ငွေကိုလေလိုသုံးသူဟု နာမည်ကြီးခဲ့သော သူဌေးကြီးဦးမြမောင်၏ အမေမှာ ဘွားသန်းခေါ်ဖွားသန်းဖြစ်ပြီး ဖွားသန်းတွင် ဖွားခင်ဆိုသောအစ်မရှိပါသည်။ သူတို့က မိုးကုတ် ရတနာမြေတွင် တွင်းများအကြီးအကျယ်တူးခဲ့ကြပြီး ဖွားခင်၏တွင်းတစ်တွင်းမှာ မိုးကုတ်အနောက်ပိုင်း ကျောက်ပြဿဒ်ရွာအနီးရှိ လုပ်ခက်ဆိုသောအရပ်တွင်ရှိပါသည်။ လုပ်ရကိုင်ရအင်မတန်ခက်သဖြင့် လုပ်ခက်ဟုအမည်တွင်သော တွင်းကွက်ရပ်ဟုလည်းသိရသည်။ အဖွားခင်၏လုပ်ခက်တွင်းကို ကြီးကြပ် လုပ်ကိုင်သူပေါလန်ကဦးချစ်လှ။ ဖွားခင်၏သမက်ဖြစ်သည်။ သူတို့တွင်းက တွင်းသားလေးတစ်ဦးက ကိုသိန်းမောင်။
ထိုစဉ်အခါက ဦးမြမောင်တို့လို အမေက ဒါးတန်းရေခဲစက်ပိုင်ရှင်၊ အဖေက ပြင်သစ်နိုင်ငံတွင် ကျောက်ဆိုင်ပိုင်ရှင်သူဌေးများ၏ဇစ်မြစ်လုပ်ငန်းမှာ မိုးကုတ်ကျောက်တွင်းများဘဲဖြစ်သည်။ ဖွားသန်းက “မြမောင်သုံးမှ ငွေဝင်တာလို့” အမြဲဆိုတတ်တယ်ဆိုတော့ ဦးမြမောင် ငွေကိုလေလိုသုံးနေတာသည် သူမိဘတွေက ငွေကိုမုန်တိုင်းလိုဝင်လို့ဆိုတာ တွေးကြည့်စရာ မလိုလောက်ဟုထင်ပါသည်။ ထို့ကြောင့် ဦးမြမောင်တို့၏အမေကြီးဖွားခင်တွင်းမှာလည်း စက်တွင်းကြီးသာဖြစ်ပါသည်။ ယခုအခါတွင်တော့ ထိုနေရာမှာ နိုင်ငံတော်၏နိုင်ငံကျော် ကုဋေကဋာမိုင်းဟုသိရပါသည်။ အဖွားခင်၏စက်တွင်းကြီးတွင် ကိုသိန်းမောင်က ပက်အိုင်စောင့်တာဝန်ယူရပါသည်။ ပက်အိုင်စောင့် ဆိုတာကို နည်းနည်းရှင်းရလျှင် အင်းပြဲပြဲကြီးတွေထဲက ဗြုံးနှင့်မြေစာတွေကို စက်ကြီးတွေနှင့် ဆွဲစုပ်တင်ရာတွင် ဗြုံးစုပ်ပိုက်ကြီးတွေချသောနေရာ၌ အိုင်ငယ်လေးရှိပြီး ထိုအိုင်ငယ်လေးနေရာထဲတွင် အလုပ်လုပ်ရသူဖြစ်ပါသည်။ ဗြုံးမြေစာတွေကို ရေနှင့်အတူ အိုင်ငယ်လေးထဲ ဆွဲချကာ ဗြုံးစုပ်သောပိုက်ကြီးတွေအတွင်း ကြွေးပေးရသည်။ ခဲကြီးများကိုတော့ ရွေးဖယ်ပေးရသည်။ ပက်အိုင်စောင့်သူမနပ်လျှင် ဗြုံးစုပ်စက်အတွင်း ခဲညှပ်တတ်ပါသည်။ ပိုက်ကြီးတွေအတွင်း ခဲတစ်တတ်ပါသည်။ ဒါကြောင့်အတန်အသင့် စက်တွင်းအတွေ့အကြုံရှိသော ကိုသိန်းမောင်တို့လို လူတွေကိုသာ ပက်အိုင်စောင့် ထားကြသည်။
တစ်နေ့…..အဲ့ဒီတစ်နေ့မှာတော့ ကိုသိန်းမောင်ပက်အိုင်စောင့်နေစဉ် သတိထားနေသည့်ကြားက ခဲတစ်လုံးညှပ်ပါသွားသည်။ သည်ခဲက ပိုက်တွင်းတစ်သောအခါ ဗြုံးစုပ်စက်မှ မီးခိုတွေလုံးတက်သွားသည်။ “လျော့……လျော့” ကိုသိန်းမောင်ကြုံအော်သောအသံအဆုံးတွင် စက်မောင်းက စက်ကိုလျော့ချလိုက်ရာ ပိုက်တွင်းရှိရေနှင့်မြေများ ပြန်လျောကျလာသည့် အရှိန်ကြောင့် တစ်နေသောခဲလည်းကျလာသည်။ ကိုသိန်းမောင် ဒုက္ခပေးသောခဲကို ပက်အိုင်ထဲမှ နှိုက်ထုတ်ပြီး တစ်ချက်ကြည့်ကာ ခါးကြားထိုးထားလိုက်သည်။ ထိုတစ်နေ့လုံး ကိုသိန်းမောင် တွေးဝေငေးမောခြင်းဖြင့်သာ အဆုံးသတ်သွားတော့သည်။
ညနေ တွင်းသိမ်းပြီးတက်သောအခါ ကိုသိန်းမောင်အ၀တ်မလဲ။ ရေစိုပုဆိုးနှင့် မီးဖိုဘေးထိုင်နေသည်။ တွင်းမန်နေဂျာက “သိန်းမောင်ဘာဖြစ်သလဲ အင်္ကျီလဲလေ” ဆိုတော့ “ပေါလန်ခေါ်ပေး” ဟုသာ ဘောက်ဆတ်ဆတ်ပြန်ပြောသည်။ မန်နေဂျာလည်း ယခင်နေ့စဉ်ကြုံနေရသော ပုံမှန်အနေထားမှ သိန်းမောင် အနည်းငယ်ထူးခြားနေသဖြင့် မိုးကုတ်ဆင်းပြေးကာ ပေါလန်ကိုသွားခေါ်သည်။ နေ၀င်လုနီးခါမှ ရေးကြီးသုတ်ပြာရောက်လာသော မန်နေဂျာကို ပေါလန်ကမေးရာ ဖြစ်ကြောင်းကုန်စင်ပြောပြသည်။ သိန်းမောင်သိပ်မဟန်တော့။ တစ်ခုခုတောထူးပြီ။ သည်မှာနပ်သောပေါလန်က တစ်ချက်ပြုံးကာ မိုးကုတ်အရှုပ်ဆိုင်မှ အရက်တစ်ဖာဆွဲပြီး အမြည်းတွေပါ လင့်ရိုဘာပေါ်တင်၍ လိုက်ခဲ့သည်။ ပေါလန်၏ လင့်ရိုဘာတွင်းအ၀င်မှာ သိန်းမောင် ဆတ်တောက်ဆတ်တောက်လျှောက်လာပြီး ကားဘောနက်ပေါ် ဂွပ်ခနဲ ချလိုက်တာက နီလာတုံးကြီး။
ကျောက်ပေါင်းများစွာ ကောက်သိမ်းလာဖူးသော သူဌေးပေါလန်မင်သက်သွားစေသည့် နီလာတုံး။ လေးလက်မဗြုံးစုပ်ပိုက်အတွင်း တစ်ခဲ့သောနီလာအရိုင်းတုံး။ အားလုံး“ဟာ”မှလွှဲ၍ နောက်ထပ်အသံမထွက် နိုင်ကြ။ “ဟဲ့သိန်းမောင် ဒီလိုမလုပ်ရဘူး၊ ဒါက ကျောက်မြတ်ဟဲ့၊ ရိုရိုသေသေအပ်” ဆိုမှ ကိုသိန်းမောင် လက်နှစ်ဖက်ဖြင့်ကိုင်၍အပ်သည်။ ထိုနေ့က ပေါလန်ရော တွင်းသားတွေရော ချာချာလည်သွားကြတော့သည်။ ဒါက ဟေဗရူးပုံပြင်တစ်ပုဒ်မဟုတ်ပါ။ ကိုသိန်းမောင်မှာလည်း မိုးကုတ်-မန္တလေးကားလမ်းဘေးရှိ သစ်ဆိမ့်ကုန်း ရွာသားစစ်စစ်ဖြစ်ပါသည်။ မလိုချင်လို့အပ်ပေးလိုက်သော အဖြစ်က တကယ်ရှိခဲ့ပါသည်။ အပ်ပေးလိုက်တာ ကလည်း မျိုးတုံးပဲတုံးမဟုတ် ရတနာစင်စစ်ဖြစ်ပါသည်။ ကိုသိန်းမောင်ကလည်း ရတနာ နားမလည်သူငထုံငအ မဟုတ်ပါ။ ပတ္တမြားမြေဇာတိသားဖြစ်ပါသည်။
တွင်းသားစစ်စစ်ဘ၀မှ သူဌေးမြှောက်စားသူဘ၀ နေ့ချင်းပြောင်းသွားသူ ကိုသိန်းမောင်ကို သူ့ပေါလန်တွေက ကားတစ်စီးနှင့်ထားသည်။ တွင်းကြီးတစ်တွင်းအားကြီးကြပ်ရန်ပေးထားသည်။ မိုးကုတ်က အရှုပ်တို့ အနှံတို့ဆိုင်တွေမှာ မှာထားသည်။ သိန်းမောင်လာစားသမျှ လာယူသမျှ ဘေဖွင့်ထား။ ကိုသိန်းမောင် ဘ၀ကလည်း လိုတိုင်းရတတိုင်း ပြည့်စုံသွားသည်။ သည်မှာ ဇာတ်လမ်းလေးသိမ်းသွားလျှင် ပုံပြင်သာသာ ကိုသိန်းမောင်ဇာတ်ကြောင်းကို ကျွန်တော်မှတ်တမ်းတင်ဖြစ်ချင်မှ တင်မိပါဦးမည်။ ကျွန်တော်မှတ်တမ်းတင် မိခြင်းကား ပါရမီရှင်မဟုတ်သော ကိုသိန်းမောင်သည် လူတိုင်း ငမ်းငမ်းတက်ကြသည့် အိမ်မက်လို စည်းစိမ် ဘုံကြားတွင် နေနေရသည်ကို စိတ်ကုန်သွားကာ တောထွက်သွားသဖြင့်ဖြစ်ပါသည်။ မရသင့်မရထိုက်တာကို မလိုချင်ခဲ့သော ကိုသိန်းမောင်သည် ရသင့်ရထိုက်တာကိုလည်း ၀ါယမစိုက်ရခြင်းမရှိ အလွယ်တကူရနေသော အခါ အားနာသွားပြီး တောရပ်ခိုလှုံသွားသည်ဟုဆိုပါသည်။
ရုပ်ရှင်တွေထဲမှာလိုဆိုလျှင်တော့ အနှစ်နှစ်အလလကြာပြီးနောက်ဟု စာတန်းထိုးရလိမ့်မည် ထင်ပါ သည်။ ကိုသိန်းမောင်တို့ လက်နက်ချကာ အလင်းဝင်လာသည်။ သည်မှာ ကျွန်တော့်ဘာသာ ဖြည့်တွေးလိုက် မိတာက အမှောင်ထဲမှ လက်နက်ကိုင်ထားရသူ ကိုသိန်းမောင်သည် ထိုစဉ်အခါက ပတ်ဝန်းကျင်တစ်ခို ယမ်းသံကျည်သံတွေ တစ်ဖြောင်းဖြောင်း တစ်ဒိုင်းဒိုင်းရှိနေတတ်သည့် အညိုရောင်နယ်မြေအတွင်းရှိ သူ့ပေါလန်၏စည်းစိမ်ကို မပြစ်မှားခြင်းဘဲဖြစ်သည်။ သူလိုလျှင် ပေါလန်သူဌေးအရာ အလွယ်တကူ သိမ်းယူနိုင်ပါလျှက် သူကမျက်စပင်မပစ်ခဲ့ပါ။ ဒါ့ကြောင့် ကျွန်တော်သည်သမိုင်းကို လေးလေးစားစား မှတ်တမ်းတင်မိခြင်းဖြစ်သည်။
ကိုသိန်းမောင် အလင်းဝင်ပြီးနောက် သူ့ရွာကလေးသစ်ဆိမ့်ကုန်းပြန်သွားပြီး သီးပင်စားပင်များ စိုက်စားကာနေထိုင်သည်။ ရေစက်ဆိုတာမျိုးက မကုန်နိုင်သေးတော့ သူမန္တလေးဆင်းဈေးဝယ်သောအခါ သူ့ပေါလန်နှင့် မမျှော်လင့်ဘဲတွေ့သည်။ ပေါလန်ခမျာ ၀မ်းတွေသာလွန်းလို့ ကိုသိန်းမောင်လက်ကို ဆွဲထား ရှာသည်။ “ငါရှာနေတာ အတော်ကြာပြီ”တဲ့။ “ဘယ်ရောက်နေတာလဲ” “ဘာလုပ်စားသလဲ”တွေ အလွမ်းသယ် ကြပြီးနောက် ကျေးဇူးသိတတ်သောပေါလန်က ကိုယ်တိုင်လိုက်လာကာ ဆရာဝန်ဒေါက်တာခင်မောင်၏ကား မစ်ဆူဘီရှိဝီလီဂျစ်ကို ကုန်တင်စားစရာထွေလာဖြင့်အစုံလိုက် ၀ယ်ပေးလိုက်သည်။ အရင်းရောအနှီးရော မလိုအောင် ထောင်ပေးလိုက်သည်။ ကိုသိန်းမောင်၏သစ္စာတရားက လမ်းတွေ့တာတောင် ရှောင်မသွားတတ် သည့် ပေါလန်အတွက် ထိုက်တန်ခဲ့ပေသည်။
တစ်ရက်တွင် ကျွန်တော်ကိုသိန်းမောင်အကြောင်း မိတ်ဆွေများကြားပြောပြဖြစ်ပါသည်။ စိတ်ဝင်တစား နားထောင်ကြရင်း တစ်ယောက်က “ခင်ဗျား ကိုသိန်းမောင်က အဲ့ဒီတုန်းက လူလွတ်လားဗျ” ဟုမေးပါသည်။ ကျွန်တော်ကလည်း “လူပျိုကြီးထင်တာပါဘဲ” ဟုဖြေမိသောအခါ သူကအဖြေရသွားသော ဦးစံရှားပုံစံဖြင့် “ဒါ့ကြောင့်ကိုး” လို့ပြောသွားပါသည်။ ရသင့်ရထိုက်တာတွေကို ဂုတ်ခွပိုးစီးထားသည့်အပြင် မရသင့်မရထိုက် တာတွေနောက်သို့ ကျားစီးဖားစီးလိုက်နေကြသည့် ကျွန်တော်တို့လူ့ဘောင်လောကတွင် မလိုချင်လို့ ဖြစ်သောအမှုက ပုံပြင်မှတ်ထင်ခဲ့ရပါသည်။ ကိုသိန်းမောင်လိုလူတစ်ယောက်ကတော့ဖြင့် မြင်ကွင်းမှ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားခဲ့ပါပြီ။
                                                                             ပေးပို့သူ
                                                                                        ပြတ်သား

No comments: