Thursday, August 16, 2012

နယ်စပ်မှ ၀င်ရောက်လာသော လူမျိုးခြားများကိစ္စ အလေးထား ဆောင်ရွက်သင့်

ကျော်ဆုမွန်နှင့် အိအိတိုးလွင်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တိုင်းရင်းသားပြည်နယ် များ၌ ပြည်ပမှ ၀င်ရောက်လာသည့် ဧည့်နိုင်ငံခြားသား များ ၀င်ရောက် နေထိုင်မှုများကြောင့် အစိုးရက ဖြေရှင်း သင့်သည့်ကိစ္စရပ်တစ်ခုအဖြစ် တိုင်းရင်းသား ပါတီခေါင်းဆောင်များက ရှုမြင် လာကြသည်။
လတ်တလော ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ဘင်္ဂါလီလူမျိုးများနှင့်ရခိုင်အမျိုးသားများ အရေးကဲ့သို့အစိုးရက ထိန်းကျောင်းဖြေရှင်း ရန် လိုနေသည့် ဒေသများ၌ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်း သို့ နယ်စပ်မှ ၀င်ရောက် နေထိုင်လာသည့် နိုင်ငံခြားသားများ အရေးလည်း ပါဝင်လာသည်။
အိမ်နီးချင်း နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် နေထိုင်ရုံမက စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ နှင့် ပါ ဆက်စပ်လာသဖြင့်လည်း အကောင်းမြင် လုပ်ဆောင်မှုများထက် ဒေသခံများ အတွက် အကာအကွယ် ရှိနိုင်မည်လား ဟူသည်ကို အချို့က မေးခွန်းထုတ်လာ ကြသည်။
အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်အတွင်းသို့ မဏိပူရပြည်နယ်မှ ကသည်းလူမျိုး အမြောက်အမြားဝင် ရောက် လာပြီး အချို့မှာ နိုင်ငံသားမှတ်ပုံတင်ဖြင့် နေထိုင်လျက်ရှိကြောင်း ချင်းအမျိုးသားပါတီမှ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
"ကသည်းလူမျိုးတွေဟာ ကလေး၊ ကလေးဝနဲ့ တမူးမြို့တွေအထိ ရောက် လာကြပြီ။ အဲဒီအချိန်မှာ ဒေသအတွက် ပြဿနာက ဘာလဲ ဆိုတော့ ၀င်ရောက် လာတဲ့ သူတွေဟာ ချဲဒိုင်တွေ ကိုင်တယ်။ မူးယစ်ဆေးဝါးလုပ်ငန်းတွေလုပ်တယ်။ ဒေသခံတွေအတွက်မကောင်း တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာတယ်" ဟု ဦးဇိုဇမ်က ပြောသည်။
အိန္ဒိယနယ်စပ်နှင့် ထိစပ်နေခြင်း ကြောင့် နယ်စပ်မှတစ်ဆင့် ၀င်ရောက်လာသည့် ထိုလူမျိုးအချို့တွင် မြန်မာ နိုင်ငံသားမှတ်ပုံတင်များ ကိုင်ဆောင် ထားခြင်းသည်လည်း လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနကို မေးခွန်းထုတ်စရာ ဖြစ်လာနေကြောင်း ၎င်းကပြောသည်။
"မဏိပူရ၊ ကသည်းလူမျိုးတွေဟာ အထူးသဖြင့် တွန်းဇံမြို့မှာ လာနေထိုင် လာကြပြီ။ နေရုံမကဘူး။ ဘိန်းပါစိုက်တယ်။ လူငယ်တွေက အဲဒီမှာ သွားအလုပ်လုပ်တော့ ဘိန်းစွဲလာကြတယ်။ ဒါက အန္တရာယ်အင်မတန်ကြီးလာတယ်။ လ၀ကရော၊ နယ်ခြားစောင့်တပ်တွေ ကော တာဝန်ရှိတယ်လို့ထင်တယ်" ဟု ဦးဇိုဇမ်က ပြောသည်။
ထို့ပြင် ပြည်နယ်အစိုးရတွင်လည်း တာဝန်ရှိနေကြောင်း၊ ယမန်နှစ်က ထို အရေးနှင့်ပတ်သက်ပြီး အစိုးရသိအောင် ဆောင်ရွက်ခဲ့ဖူး သော်လည်း ယခုနှစ်တွင် ထိုအရေးကို ပြည်နယ်အစိုးရက ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောသည်။
"ရခိုင်မှာ ရိုဟင်ဂျာ ကိစ္စကြုံနေရသလို ကျွန်တော်တို့ ချင်းပြည်နယ်မှာလည်း ဒီလိုအရေးမျိုးမကြာခင်ကြုံလာရနိုင်တယ်"ဟု ဦးဇိုဇမ်က ပြောသည်။
ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနအနေဖြင့် ထိုအရေးကို ဦးစား ပေးလုပ်ဆောင်ရန်နှင့် နိုင်ငံသားမဟုတ်သည့်သူများအား နိုင်ငံသားကတ်များ ထုတ်ပေးခြင်းကို အထူးစိစစ်မှသာ ဒေသခံများအတွက်လည်း အန္တရာယ် ကင်းစေနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဦးခွန်ထွန်းဦးကလည်း ရှမ်းပြည်နယ်တွင် ဖြစ်ပေါ်နေသော လူမျိုးခြားများလာရောက် နေထိုင်လာ ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ကြီးအား ထိုအရေးကို တင်ပြထားခြင်းရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း တရုတ် စကားပြော လူမျိုးခြား အမြောက်အမြား စိမ့်ဝင်လာနေကြောင်း၊ မြန်မာစာကိုတောင် တွေ့ရနည်းလာပြီး တရုတ်စာများသာ နေရာအနှံ့ ရောက်ရှိလာနေ ကြောင်း ပြောသည်။
"ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်နယ် အစိုးရတွေကိုလည်း အာဏာအပ်နှင်း ပေးနိုင်ဖို့ ပြောခဲ့ပါတယ်။ ရှင်းနေရတာ က အဲဒီအစိုးရနဲ့ ပြည်သူလူထုက ရှင်းနေရပါတယ်။ ဟိုးအရင်ကတည်းက သက်ဆိုင်တဲ့ဝန်ကြီးဌာနက ၀န်ထမ်းတွေ သစ္စာရှိခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး" ဟု ဦးခွန်ထွန်းဦးက ပြောသည်။
"ကျွန်တော်တို့ကတော့ တခြားနိုင်ငံသားတွေ ကိုယ့်နိုင်ငံထဲကို စည်းမဲ့ ကမ်းမဲ့ဝင်လာတာမကြိုက်ဘူး"ဟု ဦးခွန်ထွန်းဦးက ပြောသည်။
ထိုအရေးကိစ္စကို အားလုံးဝိုင်းဝန်း ဖြေရှင်းမှသာ ရှင်းလင်းလိမ့်မည်ဟု လည်း ၎င်းက ဖြည့်စွက်ပြောသည်။ ကချင်ပြည်နယ်တွင်လည်း နယ်စပ်မှ ၀င်ရောက်လာသော တရုတ်နိုင်ငံသား များနှင့်ပတ်သက်ပြီး ဖားကန့်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်ဘောက်ဂျာကလည်း ထိုအရေး သည် နယ်စပ်မြို့များ၌ ဖြစ်ပွားလျက် ရှိနေကြောင်းပြောသည်။
"ဗမာပြည်မှာ ရခိုင်ဖြစ်သလို ကချင်နဲ့ ရှမ်းမှာလည်း ဖြစ်နေတာပဲ။ တရုတ် လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ကလည်း ချဲ့ထွင် နေတာပဲ။ တရုတ်လူမျိုး တစ်ယောက်မှတ်ပုံတင်လုပ်ချင်လို့ ၁၀ သိန်း၊ ၁၅ သိန်းပေးလိုက်ရင် ချက်ချင်းရတယ်"ဟု ၎င်းက ပြောသည်။
"တိုင်းရင်းသားတွေကျတော့ အခုထိ မှတ်ပုံတင်မရသေးဘူး။ ဒါက အောက်ခြေ က အကျင့်ပျက်ခြစားတဲ့ဝန်ထမ်းတချို့ ကြောင့်ပါ။ ဒီလို ၀င်ရောက်မှုတွေကြောင့် ငယ်ရွယ်တဲ့ကလေးတွေ မူးယစ်ဆေးစွဲတယ်။ သမီးပျိုလေးတွေ ရောင်းစားခံရတယ်။ သေချာမတားဆီး ဘူးဆိုရင်တော့ မြန်မာပြည်ရဲ့အနေအထားက ဒီထက် ပိုဆိုးဖို့ပဲရှိတယ်"ဟု ၎င်းကဆိုသည်။
တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိသည့် ရခိုင်ပြည်နယ်၌ ဖြစ်ပွားလျက်ရှိသည့် ဘင်္ဂါလီလူမျိုးများနှင့် ရခိုင် တိုင်းရင်းသားများ အရေး သည် မြန်မာ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကလည်းပြောသည်။
"ဒါက ရခိုင်ပြည်နယ်တစ်ခုတည်းရဲ့ အရေးမဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးဖြစ်ပါတယ်။ အနောက်တံခါးကို ပိတ်နိုင်အောင် ရခိုင်တိုင်းရင်းသားတွေ က ကြိုးစားနေကြပါတယ်"ဟုဆိုသည်။
"လူ့အခွင့်အရေးကို တဖွဖွပြောနေတဲ့ အမေရိကန်နိုင်ငံဆိုရင်လည်း သူ့နိုင်ငံ ထဲကို ၀င်ရောက်လာတဲ့ ကျူးဘားတို့ ဘာတို့ကသူတွေ ကို နေရာပေးပြီး ထား တာပဲ။ အခု ဒီလူမျိုးတွေနဲ့ အသွေးအမွေး တူ၊ ဘာသာတူ၊ စာပေတူတဲ့သူတွေက သူတို့ကိုခေါ်ပြီး နေရာမပေး နိုင်ဘူးလား ဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်"ဟု ဦးဇော်အေးမောင်က ပြောသည်။
လူမျိုးခြားများ စိမ့်ဝင်လာမှု၏ တရားခံသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ပေါ့လျော့ဆောင်ရွက်မှုများကြောင့် ဖြစ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ဦးဉာဏ်ဝင်း ကလည်း ပြောသည်။

1 comment:

Anonymous said...

မြန်မာနိုင်ငံသား အလုပ်အမားတွေ ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါ ရောက်နေတာ နှစ်သန်းလောက် ရှိနေပါပြီ။ ဒါက စာစောင်တွေကရေးတဲ့ ခန့်မှန်း အရေတွက်ပါ။ အမှန်တကယ်ဆို နှစ်ဆလောက် ရှိနေနိုင်ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံသားအချင်းချင်း အိမ်ထောင်ကျပြီး အခြေချနေထိုင်ကြတာ မနည်းလှပါဘူး။ ထိုင်းနိုင်ငံ ရောက်သွားတဲ့သူထဲက သုံးပုံတပုံကနေ တဝက်လောက်က မြန်မာပြည်ကို ပြန်မလာပဲ အဲဒီမှာ အခြေချနေထိုင်ကြတယ်။ မလေးရှား၊ စင်္ကာပူ၊ အာရပ်နိုင်ငံတွေ ရောက်သွားသူတွေလဲ မနည်းပါဘူး။ ဆိုလိုချင်တာက မြန်မာနိုင်ငံထဲကို အိမ်နီးချင်းလူမျိုးခြားတွေ စိမ့်ဝင်နေတယ်ဆိုပြီး ပြောနေတာတွေ ကိုယ်ချင်းစာစေချင်လို့ပါ။ အခြားနိုင်ငံကို ရောက်ရှိ အခြေချနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ခွဲခြားဆက်ဆံတာ မလုပ်ပဲ အဲဒီနိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့ တောင်းဆိုနေကြပါတယ်။ လူသားတိုင်းမှာ ကိုယ်ချင်းစာတရားရှိမယ်ဆိုရင် အကောင်းဆုံးလို့ မြင်မိပါတယ်။