Thursday, October 25, 2012

သားတို့ဖတ်ဖို့ ချစ်တပည့်တစ်ယောက်ရဲ့ အားဆေးတစ်ခွက်

Tuesday, October 23, 2012

“ညီလေးဖတ်ဖို့”

“ညီလေးဖတ်ဖို့”
ညီလေးရေ.....
               တစ်နေကုန် တောင်ပြေးလို့မြောက်ရောက်နဲ့ အမောတွေက ပန်းလွန်းလို့ ကြောင်သွားပြီး မှိတ်မရသေးတဲ့ မျက်လုံးတစ်စုံကို အစာကျွေးရင်းနဲ့  Webပေါ်တက် Facebook ပေါ်လျှောက်သွားလိုက်တော့ ငိုက်မလို့ရှိသေး “ညီလေးဖတ်ဖို့” ရေးစရာ အကြောင်းဖန်လာပြန်ရော။ ခြင်တွေကလည်းကိုက် မျက်လုံးတွေ ကလည်းငိုက်တဲ့ ဆောင်းပူပူညလယ်ချမ်းမှာ ပြူးပြန်ပြဲလို့ “ညီလေးဖတ်ဖို့” ရေးတော်မူတယ်လို့ဆိုရင် အစ်ကိုလွန်သွားမလား။
               ညီလေးခံစားချက်လေးတွေကို Facebook ပေါ်ရေးတင်ထားတာ ဖတ်လိုက်ရတယ်။ တောင်ပေါ်က အမေ့ထမင်း ဟင်းတွေနဲ့ တောင်တန်းတွေကြား ဆောင်းမှာပွင့်တဲ့ ချယ်ရီပန်းတွေ ထင်းရှူးရနံ့တွေကို လွမ်းလိုက်တာလို့ အစ်ကိုနားလည်မိပါတယ်။
               လှလိုက်တာ ညီလေးရာ။ အဲ့ဒီလို ခံစားတတ်တာလေးကိုက လှတာကွ။ အနုပညာဓါတ်ခံရှိလို့သာ ဒီလိုခံစားတတ်တာ။ နူးညံတဲ့စိတ်လေးနဲ့ တွေးမှသာ ဒါလေးတွေက လွမ်းစရာဖြစ်တာ။ တစ်ခေတ်တစ်ခါက စစ်ကို အာသာမက်မက်နဲ့ ရက်စက်ထွဋ်ခေါင် ဂျပန်တွေက အဲ့ဒီလို နူးနူးညံညံလေးတွေ ခံစားတတ်အောင် ဟိုက္ကူဆိုတဲ့ ကဗျာလေးတွေ ဖွဲ့ကြတယ်တဲ့။ အခုခေတ်ဂျပန်လေးတွေကို အဲ့ဒီကဗျာလေးတွေနှင့် မူလတန်းကတည်းက နွေးစေခဲ့တာ ကိုယ်ချင်းစာစေဖို့ ကြုံလာရာ လောကဓံတွေကို ကြံကြံခံတတ်စေဖို့လို့ ဆိုတာ ဆောင်းပါးတစ်ပုဒ်မှာလား စာပေဟောပြောပွဲတစ်ခုမှာလား ၀ါးတားတားတော့ အစ်ကိုမှတ်ထား လိုက်မိတယ်။ 
               ဒီလိုဆိုတော့ ငါ့ညီလေးဟာ စိတ်ထားနူးညံခံစားတတ်သူလို့ အစ်ကို ကောက်ချက်ချလိုက်ပါတယ်။
               ညီလေးကို ဟိုက္ကူလေးတွေ အမြည်းကျွေးမယ်နော်။
               “အိုင်အိုကြီးပါလား
                 အလိုရွှေဖားခုန်ဆင်းသွား
                 ပလုံမြည်သံကြား” တဲ့။
 နောက်တစ်ပုဒ်က
                “ပန်းလှကန်စွန်းနွယ်
                ရေငင်ပုံးကြိုး သူကပ်တွယ်
                ရေကိုတောင်းယူတယ်”
               သစ်ရိပ်ဝါးရိပ်တွေထိုးလို့ နေမခစိမ့်အေးမြနေတဲ့ရေအိုင်၊ ကြာပေါင်းစုံပွင့်လို့ လှနေတဲ့ရေအိုင်ထဲ ဖားလေးတစ်ကောင် ခုန်ချသွားတော့ “ပလုံ” ။ ရေပွက်ဝိုင်းလေးလည်းထသွားမှာပေါ့။ ပြီးရင်တော့ ပြန်ငြိမ်သွားပြန်မပေါ့။ အစ်ကိုတို့ဘ၀တွေမှာလည်း “ပလုံ”ဆိုပြီးလှုပ်ခါသွားတတ်တာတွေက ခဏခဏပါ။ “ပလုံ” လေးတွေပြီးတော့ ငြိမ်သက်တတ်ဖို့တော့ ကိုယ့်ကိုယ်ကို တည်ဆောက်ကြရမှာပေါ့။ ညီလေးတို့လို နွေးထွေးတဲ့ အသိုက်အမြုံလေးအဝေးမှာ စားကျက်ရှာရတဲ့ သူတွေအတွက်တော့ ၀ပ်စရာ ကျင်းစရာလေးတွေ ရှာတတ်ကြရမယ်။ အစ်ကိုဆိုလိုချင်တာက စာပေ၊ ဂီတ၊ အနုပညာ လိုနေရာပေါ့။ နောက် Post တွေမှာ အစ်ကိုတို့ လက်တစ်ကမ်းက ဂီတ၀ပ်ကျင်းထဲ ဘယ်လိုဆင်းကြ မလဲ ဆွေးနွေးကြတာပေါ့ကွာ။ ကြော်ငြာသွားတာနော်။
                တစ်ဆက်တည်း ငါ့ညီရဲ့Post  လေးတွေအရ အိမ်လွမ်းဝေဒနာရော ကြုံနေရတဲ့ ပတ်ဝန်းကျင်ကို စိတ်အလိုမကျ မနှစ်မြို့နိုင်တာရော ညီလေးစိတ်နဲ့ မတိုင်ဆိုင်တာလေးတွေရှိနေတယ်လို့ အစ်ကိုခံစားနေ ရတယ်။
ညီလေးရေ.....
               အစ်ကို့မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ ဒိုင်နိုဆောနဲ့ ပိုးဟပ်ဟာ ကမ္ဘာဦးကတည်းက အတူတူရှိခဲ့ကြတာတဲ့ကွ။ ဒိုင်နိုဆောကြီးကတော့ကွာ သူ့ခန္ဓာကိုယ်အကြီးကြီးနဲ့ ထောင်ထောင် ဟိုပါသည်ပါလည်း ပါနေမှာပေါ့။ ဟိုမှာနိုင်စား သည်မှာနိုင်စား ဆိုတာမျိုးတွေလည်းရှိမှာပေါ့။ အများအလယ်မှာ ၀င့်ဝင့်ထည်ထည်ကြီးနဲ့ သွေးနားထင်ရောက်ချင်ရောက်နေမှာပေါ့။ သူ့ပါဝါ၊ သူအားနဲ့ သူများကို လွှမ်းမိုးချင်တိုင်းလည်းလွှမ်းမိုးနေမှာပေါ့။ အစ်ကိုတွေးမိတာပါ။ တစ်ချို့က အင်အားဂုဏ်သိမ် ကြီးမားလာရင် ကိုယ့်အောက်ငယ်သားကို နိုင်စားတတ်ကြတာမဟုတ်လား။ တစ်ချို့ပါကွာနော်။
             ဆက်ပြောရဦးမယ်ကွ။ ကမ္ဘာဆိုတာ ကာလအကြာကြီး ဖြတ်သန်းလာရတာဆိုတော့ ညီလေးသိတဲ့အတိုင်း အခုအခါမှာ ဒိုင်နိုဆောသတ္တ၀ါဟာ ပြတိုက်မှာတောင် အရိုးစုံစုံလင်လင်မြင်ရဖို့ ခက်သွားတာပေါ့။ သူထက်တော်တဲ့ သူ့ထက်ဉာဏ်ရည်မြင့်မားတဲ့ သတ္တ၀ါတွေ အရာတွေအောက်မှာ စုန်းစုန်းမြှုပ် ပျောက်ကွယ်သွားရတော့တာပါပဲ။ ပိုးဟပ်ဆိုတဲ့အကောင်ကတော့ ဟိုချောင်ကပ် ဒီချောင်ကပ်နဲ့ နေတတ်လို့ အစ်ကိုတို့ ဒီနေ့တွေနိုင်သေးတာပါတဲ့။ အစ်ကို့မိတ်ဆွေပြောချင်တာက ဒိုင်နိုဆောဟာ ပိုးဟပ်လို သိုသိုသိပ်သိပ်မနေတတ်လို့ ဒီနေ့ မတွေ့ရတော့တာဆိုတာပဲ ညီလေးရာ။
               အစ်ကိုကတော့ ဒီလိုလှည့်တွေးတယ်။ ပိုးဟပ်ဆိုတာ ဟိုချောင်ကပ် သည်ချောင်ကပ် နေတတ်လို့ ဆိုတာထက် “သူ့ကိုယ်သူ ဘယ်လိုရှင်သန်အောင်နေရမယ်ဆိုတာသိလို့”  ဆိုတာပါပဲ။ အစ်ကို အယူအဆ ပြောပြရရင် “ဘယ်လိုရှင်သန်နေထိုင်မှာလဲ” ဆိုတာက ဘ၀ရဲ့အနုပညာကွ။ ဒီအနုပညာကို ခံစားတတ်ရင် ညီလေးတမ်းတနေတဲ့ ချယ်ရီပန်းအလှတွေ တောင်ကြားတွေထဲက ထင်းရှူးနံသင်းသင်းလေးတွေကို ညီလေးနားမှာဘဲ ခံစားတတ်လာမှာပါ။
                အစ်ကိုပြောတာ ရှုပ်သွားလား။ ထပ်ပြောမယ်ကွာ။ အစ်ကိုတို့ဘ၀တွေမှာ ပေးထားရတဲ့ ကတိတွေက အများသား။ ဥပမာကွာ ကျောင်းသားဆိုပါတော့။ သူဘ၀အတွက် အာမခံနိုင်တဲ့ ပညာတတ်ဘွဲ့ရဖြစ်ဖို့ သူ့ကိုယ်သူ ကတိပေးမထားရဘူးလား။ သူ့ကို အမြတ်တနိုးထား ကျွေးမွေး ကျောင်းထားတဲ့ သူမိဘကိုရောကွာ ပညာတတ်ကြီး ဖြစ်လာရစေမယ်လို့ ကတိပေးထားရတာပဲလေ။ ဆရာတွေ ဆိုရင်ကောကွာ ညီလေးစဉ်းစာကြည့် သူ့တပည့် တစ်ယောက် အောင်မြင်ပေါက်မြောက်အောင် သင်ကြားပေးဖို့ ကတိတွေ ပေးထားရတာပဲ မဟုတ်လား။
                စာရေးဆရာတစ်ယောက်က သူ့စာဖတ်ပရိတ်သတ်အတွက် မင်းသား၊ မင်းသမီး၊ မော်ဒယ်တွေ ကရော သူ့ကိုအားပေးတဲ့ ချစ်ခင်ကြတဲ့ ပရိတ်သတ်အတွက် ကတိတွေပေးရတာပဲလေ။ အဆိုတော်ကွာ စဉ်းစာကြည့် အတူတူပါပဲ။ ကတိတွေ အထပ်ထပ်ရစ်လို့။ ဒီတော့လည်း ဒီကတိတွေ တည်ဖို့အရေး ကြိုးစားပေးဆပ်ကြရတော့တာပေါ့။
ညီလေးရေ.....
                   အစ်ကို အမေရိကန်ကဗျာဆရာ ရောဘတ်ဖရော့ရဲ့ ကဗျာတစ်စ(Stopping by wood on a snowy evening) ကို အက်ဆေးလေးထဲမှာ တွေ့တဲ့အတိုင်း ရွတ်ပြမယ်နော်။
ညို့ဆိုင်းနက်ရှိုင်း တောတန်းကဖြင့် လှပေရဲ့
ဒါပေမယ့် ငါ့မှာ တည်ရဦးမယ့်ကတိတွေနဲ့ပါလား
မအိပ်ခင်သွားရဦးမယ့် ခရီးမိုင်တွေနဲ့ပါလား
မအိပ်ခင်သွားရဦးမယ့် ခရီးမိုင်တွေနဲ့ပါလား
                သည်ကဗျာလေးကို ဆရာမောင်ရင့်မာ(ကျောင်းကုန်း)က သူ့အက်ဆေး“ တောတန်းအလွန်” ရဲ့ အစမှာ ဆရာမောင်သာနိုးရဲ့“လေ”နဲ့ တစ်ထပ်တည်းကျတယ်ဆိုပြီး ဒီလိုလေးဖွင့်သွားတာပေါ့။
               “ရွာနှင့်ဝေးဝေး လူသူမနီးလှတဲ့ တောတန်းကလေး။ အပင်တွေပေါ် နှင်းတွေဖွေးဖွေးလှုပ်နေသည်။ ညနေတစ်ခင်း.....။ ရေခဲအိုင်နဲ့ တောတန်းကလေးရဲ့အကြား၊ အဘယ်လယ်သမားအိမ်မှမရှိ၊ ပကတိ တိတ်ဆိတ်ငြိမ်သက်။ မည်မျှတိတ်ဆိတ်နေသလဲဆိုလျှင် ငှက်မွေးလို ပေါ့ပါးသော မိုးနှင်း၏လွင့်မျှောသံ ကိုပင် ကြားနေရသည်။ သူ့မြင်းကလေးက သူ့သခင်ကြည့်ငေးနေသော အနက်အဓိပ္ပါယ်ကို နားလည်စွာ ခြူလေးလှုပ်လို့ သတိပေးလိုက်သည်။ ညို့ဆိုင်းနက်ရှိုင်း တောတန်းကလေးကို စွန့်ခွာရပေဦးမည်။.....လွမ်းဖွယ်”
ညီလေးရေ.....
အစ်ကိုဒီအက်ဆေးလေးအစ ဒီစာကြောင်းလေးဖတ်လိုက်ရလို့အဆုံးမှာတော့ ရင်ထဲထိသွားတယ်ကွာ။ အစ်ကိုနဲ့ အတော်များ တိုက်ဆိုင်နေသလားလို့။ ညီလေးလည်း ဒီစာစုလေးဖတ်ကြည့်ပြီး တစ်စုံတစ်ရာတော့ ခံစားလိမ့်မယ်ထင်ပါတယ်။ အစ်ကိုတော့ နူးညံတဲ့အခံလေးရှိတဲ့ညီလေး ဖမ်းဆုတ်မိလိုက်မယ်လို့   တွေးနေမိတယ်။
               အေးလိုက်မယ့်နေရာလေးကွာနော်။ နှင်းတွေဖွေးဖွေးလှုပ်လို့တဲ့။ ရေခဲအိုင်ကလေး နဲ့  တောတန်းလေး။ လှလိုက်တာမှကွာ ညီလေးရာ။ တိတ်ဆိတ်နေတာကလည်း မိုးနှင်းလေးတွေ လွင့်မျောနေသံတောင်ကြားရတယ်တဲ့။ ဒီလောက်ကြည်နူးချမ်းမြေ့စရာ နေရာလေးမှာ ငေးမောနေသူလေး ကိုအားမကျဘူးလား။ ဒါပေမယ့် သူ့မြင်းကလေးက ခြူလေးလှုပ်လို့ သတိပေးတယ်။......သွားစို့တဲ့။ သူကတော့ ညို့ဆိုင်းနက်ရှိုင်းနေတဲ့ တောတန်းလေးက စွန့်ခွာသွားရဦးမယ်......လွမ်းဖွယ် လို့ ပြောသွား တယ်နော်။ အစ်ကို သူ့ကို ကိုယ်ချင်းစာလိုက်တာ။ ညီလေးဆိုရင်ရော ဘယ်လိုလဲ။ မခွာချင် ခွာချင်ခွာခဲ့ရမှာပေါ့။
                     ညီလေးချစ်တဲ့ တောင်ပေါ်က ချယ်ရီပင်တွေ၊ တောင်ကြားတွေထဲက လေစိမ့်အေးတွေနဲ့ တိုးဝှေ့ထွက်လာတတ်တဲ့ တောင်ရနံ့တွေ၊ အမေချက်ကျွေးတဲ့ ထမင်းချဉ် ဆိမ့်ဆိမ့်လေးတွေ၊ အဖေ၀ယ်ကျွေးမယ့် တွန်းလှည်းက ဂျုံခေါက်ဆွဲ မွှေးမွှေးလေးတွေ၊ ဈေးနေ့တွေမှ ရတတ်တဲ့ ၀က်သားချဉ်ထုပ်နဲ့ နံတုန်ခဲခဲလေးတွေ၊ ဆောင်းအေးအေးမှာ အငွေ့ထောင်းထောင်းတဲ့ ပေါင်းအိုးထဲက မုန်ညှင်းပေါင်းပူပူတွေ၊ ညဘက်မီးပုံးလေးတွေပေါ်တင်ကင်တဲ့ ခေါပုတ်ချပ် ပြားရှပ်ရှပ်လေးတွေကို စွန့်ခဲ့ပြီး  တစ်ခြားဒေသကလူတွေ “မြူ” လို့ခေါ်ကြမယ့် မှိုင်းငွေ့တွေကို ကျောက်ဖားထိပ်မှာ လက်ဆွဲနှုတ်ဆက်ပြီး ခွဲခဲ့ဖူးမှာပေါ့။ အစ်ကိုလည်း ညီငယ်လိုပဲ ခွဲခဲ့ရတာပဲ။ ဒါ့ကြောင့် ဒီကဗျာလေးနဲ့စာစုလေးက တို့ညီအစ်ကိုတွေကို ခံစားစရာတစ်ခုပေးနိုင်တယ်ဆိုတာ အစ်ကို ယုံကြည်တာပေါ့။ ညီလေးလက်ခံလား။
               ဆရာမောင်ရင့်မာကလေ ဒီမှာ အဆုံးသတ်လိုက်တာမဟုတ်ဘူကွ ညီရ။ ဒါက အစ။ အလယ်ကျတော့
                  “ကြည်နူးဆွတ်မြ ခံစားရခွင့်ဆိုသည်ကလည်း ဘ၀မှာ အစဉ်ထာဝရ “ရမြဲရ”တတ်သော အရာမဟုတ်ပါချေ။ သစ်ရိပ်ဝေးဝေး၊ တောတန်းအေးအေး၊ ညနေနွေးနွေး၊ ပန်းမြမွှေးမွှေးတို့သာရှိမည့် သီးခြားဖြစ်သော ကမ္ဘာလေးထဲ ကြာတောင့်ကြာရှည် လွင့်မျှောမိန်းမူးနေလို့မဖြစ်။ လူသားတစ်ယောက် အနေဖြင့် ထားရှိသော ကတိ၊ ထမ်းရမည့်ဝန်တာ၊ မွေးဖွားလာသည်မှ သေလွန်သည်အထိ တစ်ဘ၀စာ သို့မဟုတ် ဘ၀အဖန်ဖန် ဖြစ်ပြန်ပြောင်းလဲတတ်သော တစ်သံသရာဆုံးသည်အထိ တနုံနုံ တနဲ့နဲ့   နှင်လေဦးမည့် ခရီးတာဆိုသည်တို့ကို မေ့လျော့ချန်သွား ပစ်ပယ်ထားလို့မဖြစ်။
                သားသမီးက အမိအဖအပေါ်တည်ရမယ့်ကတိ၊ မိတ်ဆွေရောင်းရင်းက သူ့အပေါင်းအသင်း ရဲဘော်ရဲဘက်အပေါ်တည်ရမယ့်ကတိ၊ အိမ်ဦးနတ်က သူ့မိသားစုအပေါ်တည်ရမယ့်ကတိ၊ ရပ်ရွာလူကြီးက သူ့ရပ်ရွာအပေါ်တည်ရမယ့်ကတိ၊ နိုင်ငံသားတစ်ယောက်က သူ့တိုင်းပြည်အပေါ်တည်ရမယ့်ကတိ အဲ့သည်ကတိတွေကို မေ့လျော့ပစ်ပယ်၍ တောတန်းနံဘေး၊ မည်မျှကြာရှည် ရပ်ကြည့်ငေးမော လွင့်မျောနေနိုင်ပါမည်နည်း။”...............ဆိုပြီးလုပ်သွားပြန်ရော။ ဆရာမောင်ရင့်မာ ဆက်ပြောတာက-
ဒါပေမယ့် ငါ့မှာတည်ရမယ့် ကတိတွေနဲ့ပါလား”  “မအိပ်ခင်သွားရဦးမယ့်ခရီးမိုင်တွေနဲ့ပါလား”..........တဲ့။
ညီလေးရေ.........
                   ဒီလောက်ဆို ငါ့ညီလည်း ဇာတ်ရည်လည်လောက်ပါပြီ။ အပေါ်မှာ အစ်ကိုပြောခဲ့သလို ဆရာမောင်ရင့်မာ ရေးဖွဲ့ပြခဲ့သလို အစ်ကိုတို့တစ်တွေဟာ ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ်လွမ်းမောရာ နေရာ၊ ၀ါသနာ စတာတွေမှာ ကြာတောင့်ကြာမော မျှောနေဖို့ အခွင့်မှမရှိကြတာ။ ညီလေးကတော့ ထင်ချင်ထင်မယ်။ ငါမချမ်းသာသေးလို့.....လို့။ ဒါလည်းမဟုတ်ပါဘူးညီလေးရာ။ အစ်ကိုတို့ “မိုးကုတ်သား ငွေကိုလေလိုသုံးသူ” တစ်ခေတ်တစ်ခါက တင်စားခံရဖူးတဲ့ သူဌေးကြီးဦးမြမောင်ဟာ တစ်နေ့ပြီး တစ်နေ့ ဟိုတယ်မှာနေ ဟိုတယ်မှာစား သောက်စားဖြုန်းတီး   နေရင်းက စကားတစ်လုံးပြောသွားဖူးတယ်တဲ့။ “ကျွန်တော် ဒီလို သုံးဖြုန်းနေရတာ ဘ၀ကို ကျေနပ်တယ် ထင်သလား” တဲ့။
               ကဲညီလေးရေ အပေါ်ရေးတာတွေ ပြန်ကောက်ရရင် ဘ၀ကိုဘယ်လိုရှင်သန်နေထိုင်ရမယ်ဆိုတာ ဘ၀အနုပညာပါ။ အစ်ကိုတို့ပေးထားမိကြတဲ့ကတိတွေကို တည်နိုင်အောင်ကြိုးစားရင် တနုံနုံ တနဲ့နဲ့  နှင်ကြရဦးမှာပါ။ ဒီကတိတွေကို မြင်တတ်လို့ တည်တတ်အောင်ကြိုးစားရမယ် ဆိုတဲ့ အတွေးအယူအဆလေး ငါ့ညီမှာ ရလာရင် ညီလေးကြုံရနေတာ ခါးသီးစရာဘ၀တွေ မဟုတ်တော့ပါဘူး။ ကတိတွေကို တစ်ခုပြီးတစ်ခု မှန်မှန်လေး တည်ဆောက်ရင်း နောက်ပြန်လှည့်ကြည့်တဲ့အခါ အတော်ပြီးနေတာကို တွေ့ရပြီး ကျေနပ်အားရ ကြည်နူးစရာတွေ ကြုံရမှာပါ။
                 ညီလေးတက်ခဲ့ဖူးမယ့် ပင့်ကူတောင်ထိပ်ရောက်လို့ ပြန်ငုံကြည့်တဲ့အခါ ငါအမြင့်ကြီး တက်ခဲ့မိတာပါလားလို့ ၀မ်းသာအားရဖြစ်မှာပါ။ လေနုအေးလေးတွေလည်း တွေ့ရမှာပါ။ ငါ့ညီနှစ်ခြိုက်တဲ့ တောင်ရနံ့လေးတွေလည်း တစ်ဝကြီး ရှုရှိုက်ခွင့်ရလိုက်မှာပါ။ ဒီလိုနဲ့ ငါ့ညီ တောင်တွေ တစ်တောင်ပြီးတစ်တောင် တက်ဖူးပြီးသား ဖြစ်နေမှာပါ။ ဒီလိုနဲ့ ကတိတွေ တစ်ခုပြီးတစ်ခု တည်ဆောက်ပြီးသား ဖြစ်နေမှာပါ။
ညီလေးရေ......
                 အစ်ကို့စာဖတ်ရတာ ငါ့ညီ ပျင်းသွားပြီလား။ အစ်ကိုတို့ ဆရာမောင်ရင့်မာရဲ့ “တောတန်းအလွန်” ဆိုတဲ့ ၀ပ်ကျင်းလေးထဲမှာ ပုန်းခိုနေလိုက်ကြတာ စိတ်သက်သာရာ အတော်ရသွားပြီနော်။  ဆရာ့ရဲ့ နိဂုံးလေးကို ခံစားကြည့်လိုက်စို့အုံး..........
                 “တစ်ခုပဲရှိပါသည်။ စိမ်းဖန်စိုလက်သော တောတန်းနံဘေး၌ ကြာရှည်ကြာမျောနေလိုဇောဖြင့် တည်ရမယ့် ကတိတွေကို “ထိုးကျွေး” မပစ်သင့်ဟု ကျွန်တော်ထင်ပါသည်” ..........တဲ့ဗျား။
ကဲညီလေးရေ........
                  အစ်ကိုလည်း ၀ါသနာပါတဲ့တောတန်းလေးနံဘေး ထိုင်နေမိတာ ကတိတွေတောင် “ထိုးကျွေး” မိတော့မလို့........။                 အစ်ကိုလည်း အိပ်တော့မယ်။ မနက်နှစ်နာရီ ထိုးပြီးနေပြီ။ မနက် သမီးလေး ကျောင်းအမီ ပို့ဖို့အရေး သူ့အမေဟင်းချက်ဖို့ စောစောဈေးထပြေးပေးရဦးမယ်။ နောက်ပြီး နေ့လည်မှာ ဆင်နွှဲမယ့် အစ်ကိုအလုပ်စကားစစ်ပွဲအတွင်း အိပ်ငိုက်မနေအောင်တော့ အိပ်တော့ထားရဦးမယ် မဟုတ်လား။ အစ်ကိုအလုပ်ဆိုတာက နေ့စဉ်တည်ရမယ့်ကတိတွေကို ပြက္ခဒိန်ရက်စွဲတွေထဲ အစဉ်လိုက်ရေးမှတ်ထား ရတာမျိုး။ အစ်ကိုတောင် မနေ့က ဒိုင်ယာရီအသစ် ၀ယ်ထားပြီးပြီ။ နှစ်သစ်မှာ ပေးရမယ့် ကတိအသစ်တွေ အတွက်လေ...........။
                                    မင်းတို့ရဲ့အစ်ကိုကြီး
                                                                    မန်းမြေတစ်နေရာက
                                                                                                    မင်းစည်သူ




ဖုန်းဝယ်တာ တစ်နှစ်ပြည့်တော့မယ် ဖုန်းကဒ်ဖိုးတွေက မြင်တဲ့အတိုင်း စင်းကဒ်တွေ အလားပေးရင်တောင်
ရှုံးလိမ်မယ်တော့ မထင်၊ဒါက မိမိနှင့် မိမိဇနီ အသုံးပြုမှုဘဲရှိ့သေးတာ ၊သားတွေကော သူတစ်ပါးတွေကော
ကော.......ကော.............???????????????????????????    :) (တစ်ခုကထပ်သွားတယ် )

Wednesday, October 3, 2012

မိုးကုတ်(၂)

“ချစ်သောမိုးကုတ်(၂)”



ထူးခြားသော ရိုးရာအနေအထားလေးအတိုင်း တွေ့နိုင်သေးသည့်လူမျိုးစုရွာလေးမှာ ၁၈၈၆ခုနှစ်တွင် အင်္ဂလိပ်တို့စစ်အောင်နိုင်ပြီးနောက် မိုးကုတ်ကိုသိမ်းယူသောအခါတွင် မေဂျာချားလ်ဘားနဒ်က ၄င်း၏စစ်တပ် ဖြင့် မိုးကုတ်ဧရိယာသို့ ပြောင်ဂေါင်းခေါ်သောအရပ်မှ ၀င်ရောက်ခဲ့ပြီး ဘားနဒ်ရွာဟုအမည် ပြောင်းခဲ့သော ရွာလေး ဖြစ်ပါသည်။ ထိုဘားနဒ်ရွာတွင် တိုင်းရင်းသားလူမျိုးစုများ၊ တိုင်းရင်းသားရိုးရာများကို ငါးရက်တစ်ခါ ဖြစ်ပေါ်လေ့ရှိသည့် ဈေးနေ့များ၌ ထိတွေ့လေ့လာနိုင်သလို ဒေသခံအစားအသောက်များအပြင် သဘာဝကျကျ ချက်သော ဒေသခံလီရှောအရက်ကိုလည်း ဟိုဆိုင်ဝင်သည်ဆိုင်ထွက် မြည်းစမ်းသောက်နိုင်သေးသည်။ စစ်ငွေ့စစ်ရိပ် သမ်းခဲ့ဖူးသော သမိုင်းရှိသည့် နေရာတစ်ခုဖြစ်ပါသည်။
သည်သမိုင်းတွေပြောလျှင် ကမ္ဘာကျော်ခဲ့သည့် ပတ္တမြားငမောက်ရာဇ၀င်မှာလည်း ဖျောက်ထား၍ မဖြစ်ပေ။ ပတ္တမြားငမောက်ဆက်သရန် ပျက်ကွက်ခဲ့သည့် လူတစ်စုအား ဘုရင်ကကွပ်မျက် လောင်တိုက်သွင်း ရာအရပ်ကို လောင်းစင်ဟုခေါ်သော ရွာငယ်လေးအဖြစ်တွေ့နိုင်သေးသည်။ ထိုလူတစ်စုမှ ထွက်ပြေးလာသူ ဒေါ်နန်းမှာ မိုးကုတ်အနောက်ပိုင်းကျပ်ပြင်အ၀င်ရှိ တောင်ပေါ်အရောက်ဝယ် နောက်ပြန်ကြည့်ရာ ဆွေမျိုးတို့၏ လောင်စင် တိုက်မှ မီးခိုငွေ့ငွေ့များကို မြင်ရ ရင်ကွဲနာကျကာ ကွယ်လွန်ရှာပါသည်။ အဆိုပါတောင်တော်အား ဒေါ်နန်းအရှင်မ စောင့်ရှောက်လို့ ဒေါ်နန်းကြည့်တောင်တော် အဖြစ်ထင်ရှားခဲ့သည်။
ရာဇ၀င်နှင့်ချိန်ညှိ နိုင်စရာ ထူးခြားချက်တစ်ရပ်မှာ ရတနာနှင့်နွယ်ပြီး ကွယ်လွန်ကုန်ရှာသော ဆွေမျိုးတို့ အတွက် ရင်နာရလေသူ တောင်တော်သခင်မ ဒေါ်နန်းစောင့်ရှောက်ရာ တောင်တော်တစ်ဝိုက် ရတနာကြွယ်သော ရတနာနယ်ဖြစ်ပါလျှက် ထူးခြားစွာ ရတနာမထွက်တာ ပဒေသရာဇ်ခေတ်ဆိုးကို စိတ်တော်နာလေလို့ ထင်ရဲ့။
ပတ္တမြားငမောက် အဖိုးကြွယ်ပုံနှင့်ပတ်သက်၍ French Trade Mission မှ မိုးကုတ်ဒေသတစ်ခုလုံးကို ၀ယ်ရန် မြန်မာမင်းထံကမ်းလှမ်းခဲ့သည်တွင် မြန်မာမင်း၏ကိုယ်စားလှယ်က ငမောက်ပတ္တမြားကို ရေထည့်ထား သည့် ဗန်းငယ်အတွင်း ထည့်၍ပြသသည်ဟုဆိုသည်။ ဗန်းငယ်တွင်းရှိ ရေတို့အရောင်မှာပတ္တမြား၏ အရောင် အနီသို့ ပြောင်းသွားသည်တဲ့။ သည်အခါမှ သည်လိုအဖိုးတန်ကျောက်တွေ မရေမတွက်နိုင် လောက်အောင် ထွက်နိုင်သော မိုးကုတ်ရတနာမြေကိုဝယ်ရန် ကမ္ဘာတွင်းရှိ ပိုက်ဆံအားလုံးဖြင့်ပင် မလောက်ဟု အကြောင်းပြ၍ ပြင်သစ်တို့၏ကမ်းလှမ်းချက်ကို ငြင်းခဲ့ရဖူးသည်ဟုမှတ်သားရသည်။
ရတနာဆိုတာ အဖိုးထိုက်တန်ခြင်း၊ ရှားပါးခြင်း၊ လှပတင့်တယ်ခြင်း၊ နန်းသုံးတော်ဝင် လူကြိုက်များ ခြင်းတို့ရှိမှ ရတနာမည်ပါသည်။ ပတ္တမြားငမောက်ကဲ့သို့သော အဖိုးထိုက်ရတနာတွေနှင့်ခင်းထားသော မိုးကုတ် ရတနာမြေကို အဘယ်ခရီးသွားက လွှဲချော်ပြီး သွားနိုင်စရာ အကြောင်းရှိပါမည်နည်း။
ရတနာမြေဟုခေါ်ဆိုနိုင်ခြင်း စံတစ်ခုကို ညွှန်းပြုလိုပါသေးသည်။ ကမ္ဘာတွင်ပင် ရှားမည့်အမျိုးပင်ဟု ဆိုချင်ပါသည်။ သေးသေးကွေးကွေးလေးလည်းမဟုတ်ပါ။ ကျွန်တော့်စိတ်ထင် နှစ်ပေကျော်ကျော်မြင့်၍ သုံးပေ ပတ်ပတ်လည် အကျယ်လောက်ရှိပြီး ရွှေချိန်(၁၅၀)ကျပ်သားပေါ်တွင် မိုးကုတ်ထွက်ရတနာ ပတ္တမြား၊ နီလာ၊ စိန်၊ ဂေါ်မုတ်၊ ဥဿဖယား၊ ပုလဲ၊ မိုးကုတ်မြ၊ ပြောင်ဂေါင်းစိမ်းစသော တွင်းထွက်ရတနာစစ်စစ်တို့ဖြင့် မိုးကုတ် ပန်းတိမ်ဆရာတွေက စီကာခြယ်ခတ်အလှဆင်သထားသည့် ပတ္တမြားပလ္လင်နှင့် ငွေပလ္လင်တို့ဖြစ်ပါသည်။ ပတ္တမြားပလ္လင်တော်မှ ပိုလျှံသောရတနာတို့ဖြင့် စီခြယ်ခတ်လုပ်ထားသော အောက်ခံငွေသားအလေးချိန်(၂)ပိဿာ၊ (၆၁)ကျပ်သားရှိ ငွေပလ္လင်တော်မှာလည်း ကျောက်မျက်ရတနာထည်ထည်ဝါ၀ါနှင့် မိုးကုတ်မြို့လယ်ဖော်တော်ဦး ဘုရားတွင်ထားရှိပါသည်။ ဖောင်တော်ဦးရုပ်ပွားတော် မြတ်နှစ်ဆူစံတော်မူရန်ဖြစ်သည်။
မိုးကုတ်နေသူများက ဖောင်တော်ဦးရုပ်ပွားတော်မြတ်အား ကြည်ညိုမဆုံး၍ မိမိတို့ပိုင်ရတနာများကို ရွှေသားသင်္ကန်လွှာအတွင်း ထိုးသွင်းမြှုပ်နှံပူဇော်သဖြင့် နောင်တွင်ရုပ်ပွားတော်အဆင်းသဏ္ဍန်ကို ပျက်ယွင်း စေမှာစိုးသောကြောင့် လှူဒါန်းလိုသောရတနာများကို လက်ခံသိမ်းဆည်းပြီး စုပေါင်း၍ ပလ္လင်တော်နှစ်ဆူ ပြုလုပ်လှူဒါန်းခဲ့ကြောင်းသိရပါသည်။ သည်ပလ္လင်တော်နှစ်ဆူတွင် မိုးကုတ်သားတို့ဂုဏ်ယူစရာဖြစ်သလို တစ်ခေတ်တစ်ခါက ကြွယ်ခဲ့သောခေတ်အရိပ်တွေ ထင်နေပါသည်။ နိုင်ငံတစ်ကာပြတိုက်တို့၌ ပင်ရှားလောက် သော အဖိုးတန်ပစ္စည်းမျိုးလည်းဖြစ်ပါသည်။ 
မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်အား နိုင်ငံအရပ်ရပ်မှ ဘာသာဝင်မျိုးစုံတို့ ကင်မရာအစုံစုံကို လက်က မချစတမ်း ရိုက်ကူးမှတ်တမ်းယူ လေ့လာနေကြသည်မှာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်၍ မဟုတ်ပါ။ ရွှေသားတို့အိနေအောင် ရွှေစင်ရွှေလွှာတွေ အထပ်ထပ်ကပ် နေသူများကိုအံသြခြင်းနှင့် ရွှေတုံးရွှေခဲဖြစ်နေသော ရှေးဟောင်းရုပ်ပွားတော် အနုလက်ရာကို အံ့ချီးဘနမ်းဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ သည်ကဲ့သို့ဆိုလျှင် မိုးကုတ် ဖောင်တော်ဦးဘုရားပေါ်က ရတနာပလ္လင်နှစ်ဆူသည် နိုင်ငံခြားသားခရီးသွားတို့အား  ဂုဏ်ယူဝင့်ကြွားပြသစရာ နေရာတစ်ခုဖြစ်လာနိုင်မည်မှာလည်း အသေအချာပင်ဖြစ်ပါသည်။
ဒေသနှင့်သဘာဝအလှများအပြင်  နှလုံးအလှများကိုလည်း ပြောပြလိုသေးသည်။ ရှေးမိုးကုတ်ကျောက်တွင်း များတွင် နေ၀င်မိုးချုပ်လို့ တွင်းဆေးမပြီးသေးပါက (ကျောက်ရွေးမပြီးသေးပါက) သဲဖတ်ပုံကို သစ်ခက်ငယ်တစ်ခု ထိုးထားတတ်ကြသည်ဟုဆိုသည်။ ဒါက ကျောက်ဆက်ရွေးရန်ရှိ သေးသော သင်္ကေတ။ ဒါဆို ဘယ်သူကမျှ သည်သဲဖတ်ပုံ ၀င်မနှိုက် တတ်ကြသည့်အပြင် ကျောက်ပေါ်နေလျှင်တောင် သဲဖတ်ပုံထဲပြန် ထိုးထည့်သွား တတ်ကြသေးသည်တဲ့။ မိုးတွေရွာလို့ ဗြုံးမြေပုံပေါ်ကျောက်ပေါ်နေလျှင်လည်း အသာထိုးမြှုပ်ပြီး ပိုင်ရှင်ကို အပြေးအကြောင်းကြားရတာလည်း ချစ်စရာဖြစ်သည်။
နောက် တွင်းဆေးလျှင် ကျောက်ကုန်သည်က တွင်းဆေးရပ်ကွက်ထဲ လာသည်။ လမ်းပေါ်ကနေ “ဘယ်သူဘယ်ဝါရေ ဘာရထားပြီးလဲ” အော်မေးတတ်သည်။ တွင်းသားများကရထားသော ကျောက်ထုပ်ကို တွင်းတဲသက်ကယ်မိုးတွင် ထိုးထားလေ့ရှိတတ်သဖြင့် ယူကြည့်သွားရန် ဗြုံးဆေးခွက်ထဲက ပြန်အော်တတ် ကြသည်။ သည်မှာကုန်သည်က ကျောက်ထုပ်ယူကြည့် ရွေးဆယ်ပြီး ဈေးပေးတတ်ကြသည်။ ဈေးတည့်လျှင် ငွေချေ ယူသွား မတည့်လျှင် သက်ကယ်မိုးကြား ပြန်ထားခဲ့။ ဘယ်သူကမျှ မတိုမလျှိုကြပါ။ သိပ်ရိုးစင်းသည့် စရိုက်လက္ခဏါများဖြစ်သည်။
ဧည့်သည်လာလျှင် စိမ်းစိမ်းကျက်ကျက် အပြေးအလွှားထမင်းစားခေါ်သည်။ မစားလျှင်စိတ်ဆိုးသည်။ အိမ်လာလည်လျှင် ရေနွေးကြမ်း(လက်ဘက်ရည်)က ဗန်းနှင့်အသင့်။ အိမ်တိုင်းမှာ အပိုဆောင်ထားတာက အိပ်ယာ၊ စောင်၊ ခြင်ထောင်။ ဧည့်သည်ပြန်လျှင် “ဖြေးဖြေးနော်” လို့နှုတ်ဆက်တာကဓလေ့။ လက်ဖက်၊ မက်ခေါက်၊ မက်မန်းတွေကလက်ဆောင်။ အမေမာ ကျွန်တော်တို့ဆိုလျှင် ဖွားဖွားမာခေါ်ရမည့် လူထုဒေါ်အမာ၏ အမေ့ရှေးစကား စာစုတွေထဲ သည်ဖြေးဖြေးနော်ကို ချီးကျူးရေးသားထားတာ တွေ့လိုက်တော့ ကျွန်တော်မိုးကုတ်သား ပီတိဖြာရသည်။ သည်စိတ်ရင်းလေးတွေက အခုအချိန်မှာဆို ဆင်ပိန်လျှင်ကျွဲလောက်တော့ ကျန်သေးသမို့ ခရီးသွားတို့အတွက် စိတ်နွေးစရာ အနေအထားဆိုလည်း မမှားနိုင်သော အရပ်ဖြစ်သည်။
ဒါတွေအပြင် မိုးကုတ်သားတို့၏ ကျောက်ထွက်သော ဗြုံးမြေကြောရောက်အောင် မျောတိုင်၊ ၀ါး၊ သစ်ခက် (မိုးကုတ်အခေါ်မြက်)တွေသုံးပြီး လေးပင်တွင်းနှင့် ဖောက်ဆင်းကာ မြေအောက်က ဗြုံးကြောကို လှိုဏ်ဖောက် လှိုက်စားတတ်သော မိရိုးဖလာ အင်ဂျင်နီယာ အတတ်ကလည်း အံ့မခန်းစရာ။ ဒါတွေက ခရီးသွား တွေအလယ်မှာ မူရင်းအရှိအတိုင်း ပြသလို့ရသည်။ သည်လိုမိုးကုတ် image တွေကို ထိုင်းနိုင်ငံ ပတ္တယားရှိ ကျောက်မျက် ကုန်တိုက်ကြီးတစ်ခုတွင် လူလုပ်အရုပ်များဖြင့် ၄င်းတို့ရင်းမြစ်များ ယောင်ယောင် ပြသထားကြောင်းသိရသည်။
ဤကဲ့သို့သော မိုးကုတ်သည် အဘယ့်အတွက်ကြောင့် ရွက်အုပ်သီးအဖြစ်နှင့်နေရပါသနည်း။ ဘာကြောင့် ကမ္ဘာ့ခရီးသွားစာမျက်နှာပေါ် တက်မပြနိုင်ရရှာပါသနည်း။ လုံခြုံရေးအတွက်လား။ လာရောက်သော နိုင်ငံခြားသား တို့ကို ကျောက်မျက်ခိုးထုတ်ရောင်းချမှာ စိုးကြသည့်အတွက်လား။ ထိုင်းနိုင်ငံသည် ကျွန်တော်တို့မိုးကုတ်မှ ရတနာ နှင့် နိုင်ငံတစ်ကာသို့ ပွဲထုတ်ခဲ့တာ ရာစုချီနေပါပြီ။
ဝမ်းနည်းစရာကောင်းသည့်တစ်ချက်မှာ ကျွန်တော်တို့မိုးကုတ်သားရတနာကုန်သည်များ နိုင်ငံတကာ ကျောက်မျက်ရတနာဈေးကွက်သို့ သွားရောက်လေ့လာသောအခါ ကျောက်မျက်ရတနာဆိုသည်မှာ ထိုင်းခေါ် ယိုးဒယားမှသာထွက်သည်ဟု ကြားသိလာရခြင်းဖြစ်သည်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း တံခါးဖွင့်ဝါဒကျင့်သုံး မည့် ဒီမိုကရေစီနိုင်ငံတော်သစ်တွင် သည်ဈေးကွက်ကို ပင်ရင်းမိုးကုတ်သို့ ရွေ့ကြည့်ဖို့တာဝန်ရှိပါပြီ။
မိုးကုတ်တွင် ထိုင်းမှာကဲ့သို့ ခုံတစ်လုံးချ၍ ထိုင်ဝယ်ရနိုင်သော Gem Market ကျောက်မျက်ဈေးတစ်ခု တည်ဆောက်ကြည့်သင့်ပါပြီ။ ထိုဈေးတွင် One Stop Service တွေထားကာ ရောင်းချကြသောရတနာကို ချက်ချင်းအခွန်ဖြတ်၍ ၀ယ်သွားလိုသူတွေ လွတ်လပ်စွာ သယ်ဆောင်သွားနိုင်ရန် စီစဉ်ပေးလိုက်လျှင် မည်သူမျှ အပင်ပန်းခံ ထောင်လက်တစ်ကမ်းလှမ်းမှ ခိုးထုတ်နေကြမည်မဟုတ်ပါ။ ကွန်ချက်ကိုအမည်ဝှက်ခံနေရသော ဘ၀မှ လွတ်ကာ နိုင်ငံတကာဈေးကွက်သို့လည်း မားမားမတ်မတ်တက်နိုင်မည်ဖြစ်ပါသည်။ သယံဇာတယိုဖိတ်မှုကို တားနိုင်မည့်အချက်ဟု ဆိုချင်ပါသည်။ ရှေးယခင်ခေတ်များက ဘုံဘေကုလား ကုန်သည်များသည်  မိုးကုတ်ရတနာ ကုန်သည်တို့၏ ကော်ဇောပေါ်ဝယ် တရိုတသေ၀ယ်ခဲ့ဖူးရသည်ကို သတိတရ ရှိသင့်ပါသည်။ မိုးကုတ်ရတနာ ဈေးကွက် တစ်ခေတ်ဆန်းစေရန် တာဝန်ရှိသူများ စဉ်းစားသင့်ပါပြီ။
ထို့အတူ သည်ဒေသမှာ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းတစ်ခု ဖွံဖြိုးလာလျှင် ဒေသခံတို့အတွက် သယ်ယူပို့ဆောင်ရေး၊ စားသောက်တည်းခိုရေးများအပြင် ဒေသထွက်အမှတ်တရပစ္စည်းလုပ်ငန်များတွင် အချိုး ညီမျှစွာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာနိုင်မှာဖြစ်သည်။ အရာရာကို အလေးအနက်ထား၍ မြန်မာ့ရေမြေ စိတ်ရင်းနှင့်ကိုက်အောင် အသွင်ပြောင်းပေးနေသော သမ္မတကြီးဦးဆောင်သည့် နိုင်ငံတော်တွင် နိုင်ငံခြားဝင်ငွေ စီးဝင်လာမည့်လမ်းတရပ်ကို လက်လွှတ်မခံသင့်ဟု တိုက်တွန်းလိုပါသည်။ ဒါကပတ္တမြားဆန်ကျိုး အဖိုးပြည်တန် တွေထွက်သော မြန်မာ့ရတနာမြေကို ကမ္ဘာကသိစေရန် ထားရှိသင့်သော ဇာတိမာန်အဖြစ်လည်း ဆိုချင်ပါသည်။
ကျွန်တော်တို့နိုင်ငံမှ ပုဂံဒေသသည် နိုင်ငံခြားသားတို့၏ Favorite နေရာဖြစ်သောအခါ ဒေသခံများ အနေဖြင့် ဒေါင့်အမျိုးမျိုမှ အလုပ်အကိုင်တွေ ရလာကြသည်မှာ မြင်သာနေပါသည်။ ကျွန်တော်တို့မြို့လေး လည်း ခရီးသွားမြိုတော်အဖြစ်ရပ်တည်နိုင်လျှင် ပညာတတ်သူများလည်း ပညာတတ်သူများအလိုက် အလုပ် အကိုင်ရကာ ကျန်သူများလည်း မိမိတို့ တတ်ကျွမ်းရာအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ရလာပါက ရတနာကိုမျှော်ပြီးကြီးရသော လူမှုလူတန်းစားဘ၀မှလည်း ဖြန့်ထွက်လာနိုင်တော့မည်ဖြစ်ပါသည်။ သဘာဝ ပတ်ဝန်းကျင်နှင့် နိုင်ငံသယံဇာတကို ကြီးကြီးမားမားမထိခိုက်ဘဲ အပေါ်ယံကိုသာ ပြစားရသည့် ခရီးသွားစီးပွား ရေးလုပ်ငန်းကို ထိန်းသိမ်းလုပ်ကိုင်နိုင်လျှင် ကျွန်တော်တို့ဒေသအတွက် အသက်ရှုချောင်စရာ ဖောက်ထွက် လမ်းတစ်ခုဟုလည်းဆိုချင်ပါသည်။
များမကြာမှီတွင်လည်းမြန်မာနိုင်ငံတော်သည် အာဆီယံရင်ပြင်တွင် ဥက္ကဋ္ဌနေရာဖြင့် ဂုဏ်ယူဝင့်ထယ်စွာ ခြေချတော့မည်။ လာမည့်ဆီးဂိမ်းကစလို့ ဧည့်သည်ကို ပျူပျူငှာငှာကြိုဆိုကာ ဟိုဟိုသည်သည် အလည်ပို့ပေး သော အိမ်ရှင်နိုင်ငံလေးဖြစ်ရပါမည်။ အမေရီကန်အခြေစိုက် CNN ရုပ်သံသတင်းဌာနက မြန်မာနိုင်ငံကို ၂၀၁၂ခုနှစ်အတွက် ကမ္ဘာလှည့် ခရီးသွားများ သွားလာလည်ပတ်ရန် အကောင်းဆုံနေရာကိုးခုတွင် နံပါတ်သုံး အဆင့် ထည့်သွင်းသတ်မှတ်ကြောင်း သတင်းများအဆုံးဝယ် မိုးကုတ်ဆိုတာလည်း ခေါင်းပြူထုတ်ရတော့မည့် ကာလဖြစ်ပါသည်။ ဆရာဦးလှဝင်း(လေသူရဲတစ်ဦး)ကလည်း True News ဂျာနယ်တွင် နှစ်တရာကျော်က အဆောက်အုံများ ဆောင်ပါးဖြင့် မိုးကုတ်၏သမိုင်းဝင်များကိုရေးနေပြီ။ ဆရာက “တစ်နေ့ မြန်မာနိုင်ငံ လုံးဝတံခါးဖွင့်ဝါဒ ကျင့်သုံးတဲ့ခေတ်အခါ ရောက်တဲ့အချိန်မှာ နှစ်စဉ်လူအများ ဆုံးလာရောက်လည်ပတ်မယ့် မြို့ဟာ မိုးကုတ်ပါပဲ” အဆိုပြုထားသည်။ ကျွန်တော်လည်း ကျွန်တော်တို့မြို့လေးကို မိုးကုတ်သည် ခရီးသွားမြို့လေးဖြစ်သင့်သည် ဟုဆရာနှင့်ထပ်တူ ဆန္ဒပြုလိုက်ရပါသည်။ ချစ်သောမိုးကုတ်ရေ အမောတွေ ပြေပါတော့နော်။
                                                                                      ပေးပို့သူ
ပြတ်သား(ရတနာမြေ)
(17.1.2012)

http://minsithumgk.blogspot.com/

unday, January 8, 2012

ဆရာသို့........

         ဆရာ အေးချမ်းစွာ ပြန်ရောက်တာသိရလို့ ၀မ်းသာပါတယ်။ Messageတွေလည်းရပါတယ်။ ဆရာ့မေတ္တာနဲ့ ခင်မင်မှုတွေကို တစ်သက်လုံး လေးစားနေမှာပါ။ အမှန်တော့ ဆရာနဲ့ ရက်တော်တော်များများ အေးအေးဆေးဆေး မုန့်စား၊ ထမင်းစားရင်း စကားတွေပြောချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် အားလပ်ချိန်က နည်းပါးလွန်းပါတယ်။ တင်းကြပ်စည်းနှောင်နေတဲ့ ဘ၀အမောတွေ ထဲမှာ သည်လိုအချိန်လေးတွေက တပ်မက်စရာပါ။ ဆရာနဲ့ အတွေးချင်း တူနိုင်မယ်ထင်လို့ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ “တောတန်းအလွန်” အက်ဆေး တစ်ပိုင်းတစ်စ ကူးရေး ပေးလိုက် ပါတယ်။ ဆရာ့ကို စာအုပ် ပို့ပေးပါ့မယ်။
ညို့ဆိုင်းနက်ရှိုင်းတောတန်းကဖြင့် လှပေရဲ့
ဒါပေမယ့် ငါ့မှာတည်ရမယ့် ကတိတွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား

“ကြည်နူးဆွတ်မြ ခံစားရခွင့်ဆိုသည်ကလည်း ဘ၀မှာ အစဉ်ထာဝရ “ရမြဲရ” တတ်သော အရာမဟုတ်ပါချေ။ သစ်ရိပ်ဝေေ၀၊ တောတန်းအေးအေး၊ ညနေနွေးနွေး၊ ပန်းမြမွှေးမွှေးတို့သာရှိမည့် သီးခြားဖြစ်သော ကမ္ဘာလေးထဲ ကြာတောင့်ကြာရှည် လွင့်မျောမိန်းမူးနေလို့မဖြစ်။ လူသားတစ်ယောက်အနေဖြင့် ထားရှိသောကတိ၊ ထမ်းရမည့်တာဝန်၊ မွေးဖွားလာသည်မှ သေလွန်သည်အထိ တစ်ဘ၀စာ သို့မဟုတ် ဘ၀တို့အဖန်ဖန် ဖြစ်ပြန်ပြောင်းလဲတတ်သော တစ်သံသရာဆုံးသည်အထိ တနုံနုံတနဲ့နဲ့နှင်ရလေဦးမည့် ခရီးတာဆိုသည်တို့ကို မေ့လျှော့ချန်သွား ပစ်ပယ်ထားလို့မဖြစ်။ သားသမီးက အမိအဖအပေါ် တည်ရမယ့်ကတိ၊ မိတ်ဆွေရောင်းရင်းက သူ့အပေါင်းအသင်းရဲဘော်ရဲဘက် အပေါ် တည်ရမယ့်ကတိ၊ အိမ်ဦးနတ်က သူ့မိသားစုအပေါ် တည်ရမယ့်ကတိ၊ ရပ်ရွာလူကြီးက သူ့ရပ်ရွာအပေါ် တည်ရမယ့်ကတိ၊ နိုင်ငံသားတစ်ယောက်က သူ့တိုင်းနိုင်ငံအပေါ် တည်ရမယ့်ကတိတွေကို မေ့လျှော့ပစ်ပယ်၍ တောတန်း နံဘေး၊ မည်မျှကြာရှည် ရပ်ကြည့်ငေးမောလွင့်မျောနေနိုင်ပါမည်နည်း။
     တစ်ချို့သောသူတို့တောတန်းမှာ စာပေ၊  ဂီတ။ တစ်ချို့သောသူတို့တောတန်းမှာ အနုပညာတစ်ခုခု ဖြစ်သည်။ တစ်ချို့သော သူတို့တောတန်းမှာ ယမကာဖြစ်သည်။ တစ်ချို့သော သူတို့ တောတန်းမှာ .....အစရှိသည်ဖြစ်မည်။ ထူးခြားကံကောင်းသောသူတစ်ချို့သာလျှင် သူတို့တည်ရမယ့် ကတိတွေကို သူတို့ ချစ်သော တောတန်းကလေး၌ သိမ်းမြှုပ်ထားနိုင်ကာ တောတန်းကလေးကို အစဉ်ထာဝရ ဖက်ပွေ့ကြည်နူး နေဖို့ အခွင့်ရကြသည်။
တစ်ခုပဲရှိပါသည်။ စိမ်းဖန့်စိုလတ်သောတောတန်းနံဘေး၌ ကြာရှည်ကြာမျော နေလိုဇောဖြင့် တည်ရမယ့် ကတိတွေကို “ထိုးကျွေးမပစ်သင့်ဟုကျွန်တော်ထင်ပါသည်။”   တဲ့ 
            ဆရာရေ
                       ဆရာမောင့်ရင့်မာ(ကျောင်းကုန်း)ရဲ့ တောတန်းအလွန် အက်ဆေးဖတ်ပြီးချိန်မှာ ဆရာ လည်း အတွေးတူနေမယ်ထင်ပါတယ်။ ကျွန်တော်တို့တစ်တွေ တောတန်းလေးဘေးမှာ အေးအေးဆေးဆေး ကျောက်ခုံးလေးချ၊ ငေးမောနေဖို့ အချိန်သိပ်မရကြဘူးနော်။ ကျွန်တော်တို့ မက်မောကြတဲ့ တောတန်းလေး မပျောက်သွားဖို့အရေးတော့ ပြုစုပျိုးထောင်ကြရမယ် ထင်ပါရဲ့။ တကယ့်ရင်ထဲကလာတဲ့ လေးစားခင်မင်မှု ရေစင်တွေ သွန်းလောင်းရင်းနဲ့ပေါ့။ တစ်ခြားတပည့်တူကျွန်တော်တို့ သူငယ်ချင်းတွေကိုလည်း ဒီစာလေးမျှ ဝေပေးပါ။ ဆရာ့အိမ်မှာ အခုလို အေးအေးချမ်းချမ်း ဆောင်းရာသီမှာ တစ်ခါလောက်တော့ ငယ်သူငယ်ချင်း တွေနဲ့ တောတန်းလေး ငေးချင်သေးတယ်

unday, January 8, 2012

ဆရာသို့........

         ဆရာ အေးချမ်းစွာ ပြန်ရောက်တာသိရလို့ ၀မ်းသာပါတယ်။ Messageတွေလည်းရပါတယ်။ ဆရာ့မေတ္တာနဲ့ ခင်မင်မှုတွေကို တစ်သက်လုံး လေးစားနေမှာပါ။ အမှန်တော့ ဆရာနဲ့ ရက်တော်တော်များများ အေးအေးဆေးဆေး မုန့်စား၊ ထမင်းစားရင်း စကားတွေပြောချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် အားလပ်ချိန်က နည်းပါးလွန်းပါတယ်။ တင်းကြပ်စည်းနှောင်နေတဲ့ ဘ၀အမောတွေ ထဲမှာ သည်လိုအချိန်လေးတွေက တပ်မက်စရာပါ။ ဆရာနဲ့ အတွေးချင်း တူနိုင်မယ်ထင်လို့ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ “တောတန်းအလွန်” အက်ဆေး တစ်ပိုင်းတစ်စ ကူးရေး ပေးလိုက် ပါတယ်။ ဆရာ့ကို စာအုပ် ပို့ပေးပါ့မယ်။
ညို့ဆိုင်းနက်ရှိုင်းတောတန်းကဖြင့် လှပေရဲ့
ဒါပေမယ့် ငါ့မှာတည်ရမယ့် ကတိတွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား

“ကြည်နူးဆွတ်မြ ခံစားရခွင့်ဆိုသည်ကလည်း ဘ၀မှာ အစဉ်ထာဝရ “ရမြဲရ” တတ်သော အရာမဟုတ်ပါချေ။ သစ်ရိပ်ဝေေ၀၊ တောတန်းအေးအေး၊ ညနေနွေးနွေး၊ ပန်းမြမွှေးမွှေးတို့သာရှိမည့် သီးခြားဖြစ်သော ကမ္ဘာလေးထဲ ကြာတောင့်ကြာရှည် လွင့်မျောမိန်းမူးနေလို့မဖြစ်။ လူသားတစ်ယောက်အနေဖြင့် ထားရှိသောကတိ၊ ထမ်းရမည့်တာဝန်၊ မွေးဖွားလာသည်မှ သေလွန်သည်အထိ တစ်ဘ၀စာ သို့မဟုတ် ဘ၀တို့အဖန်ဖန် ဖြစ်ပြန်ပြောင်းလဲတတ်သော တစ်သံသရာဆုံးသည်အထိ တနုံနုံတနဲ့နဲ့နှင်ရလေဦးမည့် ခရီးတာဆိုသည်တို့ကို မေ့လျှော့ချန်သွား ပစ်ပယ်ထားလို့မဖြစ်။ သားသမီးက အမိအဖအပေါ် တည်ရမယ့်ကတိ၊ မိတ်ဆွေရောင်းရင်းက သူ့အပေါင်းအသင်းရဲဘော်ရဲဘက် အပေါ် တည်ရမယ့်ကတိ၊ အိမ်ဦးနတ်က သူ့မိသားစုအပေါ် တည်ရမယ့်ကတိ၊ ရပ်ရွာလူကြီးက သူ့ရပ်ရွာအပေါ် တည်ရမယ့်ကတိ၊ နိုင်ငံသားတစ်ယောက်က သူ့တိုင်းနိုင်ငံအပေါ် တည်ရမယ့်ကတိတွေကို မေ့လျှော့ပစ်ပယ်၍ တောတန်း နံဘေး၊ မည်မျှကြာရှည် ရပ်ကြည့်ငေးမောလွင့်မျောနေနိုင်ပါမည်နည်း။
     တစ်ချို့သောသူတို့တောတန်းမှာ စာပေ၊  ဂီတ။ တစ်ချို့သောသူတို့တောတန်းမှာ အနုပညာတစ်ခုခု ဖြစ်သည်။ တစ်ချို့သော သူတို့တောတန်းမှာ ယမကာဖြစ်သည်။ တစ်ချို့သော သူတို့ တောတန်းမှာ .....အစရှိသည်ဖြစ်မည်။ ထူးခြားကံကောင်းသောသူတစ်ချို့သာလျှင် သူတို့တည်ရမယ့် ကတိတွေကို သူတို့ ချစ်သော တောတန်းကလေး၌ သိမ်းမြှုပ်ထားနိုင်ကာ တောတန်းကလေးကို အစဉ်ထာဝရ ဖက်ပွေ့ကြည်နူး နေဖို့ အခွင့်ရကြသည်။
တစ်ခုပဲရှိပါသည်။ စိမ်းဖန့်စိုလတ်သောတောတန်းနံဘေး၌ ကြာရှည်ကြာမျော နေလိုဇောဖြင့် တည်ရမယ့် ကတိတွေကို “ထိုးကျွေးမပစ်သင့်ဟုကျွန်တော်ထင်ပါသည်။”   တဲ့ 
            ဆရာရေ
                       ဆရာမောင့်ရင့်မာ(ကျောင်းကုန်း)ရဲ့ တောတန်းအလွန် အက်ဆေးဖတ်ပြီးချိန်မှာ ဆရာ လည်း အတွေးတူနေမယ်ထင်ပါတယ်။ ကျွန်တော်တို့တစ်တွေ တောတန်းလေးဘေးမှာ အေးအေးဆေးဆေး ကျောက်ခုံးလေးချ၊ ငေးမောနေဖို့ အချိန်သိပ်မရကြဘူးနော်။ ကျွန်တော်တို့ မက်မောကြတဲ့ တောတန်းလေး မပျောက်သွားဖို့အရေးတော့ ပြုစုပျိုးထောင်ကြရမယ် ထင်ပါရဲ့။ တကယ့်ရင်ထဲကလာတဲ့ လေးစားခင်မင်မှု ရေစင်တွေ သွန်းလောင်းရင်းနဲ့ပေါ့။ တစ်ခြားတပည့်တူကျွန်တော်တို့ သူငယ်ချင်းတွေကိုလည်း ဒီစာလေးမျှ ဝေပေးပါ။ ဆရာ့အိမ်မှာ အခုလို အေးအေးချမ်းချမ်း ဆောင်းရာသီမှာ တစ်ခါလောက်တော့ ငယ်သူငယ်ချင်း တွေနဲ့ တောတန်းလေး ငေးချင်သေးတယ်

့http://http://minsithumgk.blogspot.com/

“ချစ်သောမိုးကုတ်(၁)”


   
          ကျွန်တော် စာမရေးဖူးခဲ့ပါ။ စာရေးရမှာ ကြောက်သောကြောင့်လည်း ဖြစ်ပါသည်။ စာလုံးပေါင်း မှားမှာ ကြောက်သည်။ ၀ိုင်းဟားမှာ ကြောက်သည်။ မဖော်ပြမှာ ကြောက်သည်။ ဖော်ပြခွင့်မရမှာလည်း ကြောက်သည်။ သည်ကြောက်စိတ်တို့သည်ပင် သမ္မတကြီးက စတုတ္ထမဏ္ဍိုင်ဟု ဆိုလိုက်သောအခါမယ် လွင့်ပြယ်လျှက် ပြည်သူ့ခေတ်ဂျာနယ်၌ “ထလော့မိုးကုတ်သား အိုမိုးကုတ်သားတို့” စာမူဖြင့် အလင်းတစ်ချက် လက်ခွင့်ရလိုက် သည်။ ထိုမှစီးသော အတိုင်းမသိနိုင်သည့် ပီတိတို့ဖြင့် “ချစ်သောမိုးကုတ်”ကို ဆက်ရေးမိခြင်းဖြစ်ပါသည်။
          ကျွန်တော်မိုးကုတ်ကို ချစ်ပါသည်။ ဇာတိမြေဖြစ်ခြင်းထက် တကယ်လည်း ချစ်စရာကောင်းသောဌာနေ လေးဖြစ်ပါသည်။ သည်ချစ်စရာမြေလေးကို ကျွန်တော်မှချစ်သည်မဟုတ် ကျွန်တော်တို့ဇာတိသား မဟုတ် သည့် ဆရာဦးလှဝင်း(လေသူရဲတစ်ဦး)ကလည်း မည်မျှချစ်စရာကောင်းကြောင်းတွေ ရေးနေပါသည်။
မြန်မာသက္ကရာဇ်-၅၇၉ခုနှစ် မိုးမိတ်စော်ဘွားကြီးသိုးဟန်ဖတ်လက်ထက်တွင် ရှမ်းမုဆိုးသုံးဦး တော လည်ထွက်ရင်း ကျီးများ စွန်များ ၀ဲသည့်နေရာတွင် ရတနာဖြစ်လာမည့် အနီရောင်ကျောက်အတုံးအတစ်များ တွေ့ရှိရာမှအစပြုခဲ့သည့် မိုးကုတ်သည် သမိုင်းနှင့်ရတနာအပြင် ချစ်စရာအမူအကျင့်တွေကို ထမ်းပိုးသယ် ဆောင်ခရီးနှင်ရှာရင်း ယခုအချိန်တွင် သက်ပြင်းတွေ တစ်ဟူးဟူး မှုတ်ထုတ်နေရသဖြင့် သူ့အတွက် ရင်အေးစရာလေးတစ်ခုတော့ ဖန်တီးပေးသင့်ပါပြီ။
မိုးကုတ်သည် ခရီးသွားမြို့လေး ဖြစ်သင့်သည်
          ကျွန်တော်တို့ ငယ်ငယ် အလွန်အေးသော မိုးကုတ်ညနေခင်းများ၌ အဘွားအိမ်က ထင်းမီးဖိုကြီး၏ ပတ်ပတ်လည်တွင်ထိုင်ကာ မောင်နှမသားချင်းတစ်တွေ ဆုံဆည်းတတ်ကြပါသည်။ ထိုအခါ လူကြီးမိဘများက မိုးကုတ်ပုံပြင်တွေ ပြောကြသည်။ အပြင်တွင် ရေခဲတစ်မျှ အေးနေသော်လည်း စကားဝိုင်းတွင်း တွင်မတော့ ချစ်စရာဓလေ့တွေနဲ့ နွေးလို့။
          မောင်ပေါက်ကျိုင်း ရာဇ၀င်လည်း မိုးကုတ်ကစသည်။ မောင်ပေါက်ကျိုင်း၏ ငှက်ပျောတုံးနှင့် မိတ်ဆက်သွားရရှာသော နဂါးသည် မိုးကုတ်ကခုတ်သည့်နန်းတိုင်ဖြင့် ပါတော်မူသွားခြင်းဖြစ်သည်။ နန်းတိုင် ခုတ်သောအရပ်ကို တကောင်းနန်းတိုင်။ ထိုတိုင်ကြီးကို သယ်ဆောင်ရာတွင် နဂါးကြီးပါနေ၍ လူးလူးပြီးထသော အရပ်ကိုလူးထ၊ ထိုးထိုးပြီးကျသော အရပ်ကိုထိုးကျ၊ နတ်တို့က ပင့်ကူ တင်ပေးရသောတောင်ကို ပင့်ကူတောင် ဟုခေါ်ကြောင်း မီးပုံဘေးပုံပြင်များက မှတ်သားရဖူးသည်။
          အဖိုးကတော့ လေယာဉ်ပျံတွေ မီးမှိတ်တုတ်မှိတ်တုတ်နှင့် ပျံသွားတိုင်း ဟိုးကောင်းကင်ကပျံတဲ့ လေယာဉ်ပျံတွေဟာ နိုင်ငံခြားကိုသွားတာပေါ့။ အဲ့ဒီလေယာဉ်ပျံတွေ ဒို့မြို့ပေါ်ကဖြတ်ရင် မိုးကုတ်လို့မီးနီလေး နဲ့ စာတန်းထိုးတယ်တဲ့။ ကျွန်တော့်အဖိုးက လေယာဉ်မစီးခဲ့ဖူးပါ။ နိုင်ငံခြားလည်း မသွားခဲ့ဖူးပါ။ ကျွန်တော် ကိုယ်တိုင်လည်း အခုထိ နိုင်ငံခြားလေယာဉ်မစီးဘူးသေးတော့ ထိုကိစ္စကို အတည်မပြုနိုင်ပါ။ အဖိုးလည်း မည်သည်က ကြားခဲ့ရသည် မသိပါ။
          သို့ရာတွင် Internet ပေါ်၌ မိုးကုတ်ဟုရှာကြည့်ရာတွင် www.allmyanmar.com ၌ “မြန်မာနိုင်ငံ မိုင်းတွင်းများမှထွက်သော တွင်းထွက်ရတနာများသည် ထိုင်းနိုင်ငံ၌အဆုံးသတ်ရပါသည်။ ဘန်ကောက် (သို့မဟုတ်) ချန်တာဘူရီ ပတ္တယားတောင်ပိုင်းဒေသမှာ မိုင်းတွင်းများမရှိသော်လည်း အာရှတွင် ကျောက်မျက် ရတနာရောင်းဝယ်ရာ အကြီးဆုံးသောဈေးကွက်ဖြစ်ပါသည်။ ကျောက်မျက်ဈေးမှာ စနေ၊ တနင်္ဂနွေနေ့များတွင် ဖြစ်သော်လည်း ဆိုင်ငယ်များ၊ စာသောက်ဆိုင်များရှိရာ မြို့တွင်းရှိလမ်းတစ်လမ်းပေါ်တွင်တော့ ရောင်းသူ ၀ယ်သူများအနေဖြင့် စာပွဲတစ်လုံးငှားရမ်းကာ တွေ့ဆုံညှိနှိုင်းဝယ်ယူနိုင်သည်မှာ နေ့တိုင်းပင်ဖြစ်ပါသည်” ဟုဖော်ပြထားသည့်ပြင် “မိုးကုတ်မှထွက်သော ဂေါ်ကြိုး(Star Ruby)ကဲ့သို့သော ပတ္တမြားများအပါအ၀င် မြန်မာ့ပတ္တမြားများသည် လှပသော ကျောက်မျက်ရတနာများအဖြစ် ဘန်ကောက်တွင် ချန်တာဘူရီတွင် အဆုံးသတ်ပြုလုပ်ပါသည်” ဟုတွေ့မိပါသည်။ မိုင်းတွင်းများကိုယ်ပိုင်မရှိပါဘဲ အငှားကိုယ်ဝန်နှင့်နာမည် ကျော်ကြားနေသော ယိုးဒယားဟု တွေ့မိသောအခါမယ် အဖိုးစကားမှာ သံသယများစရာ ဖြစ်လာပါတော့သည်။
          သည်လိုဘာလို့ဖြစ်ရပါသနည်း။ မိုးကုတ်သည် နိုင်ငံခြားသားခရီးသွားများကို စွဲညို့ဖမ်းစားစေနိုင်သော နေရာတစ်ခုဖြစ်ပါသည်။ ခြေခြေမြစ်မြစ် သမိုင်းအနှစ်တွေနှင့်လည်း ဖွဲ့သီထားပါလျှက်။
၁၈၈၉ခုနှစ်မှစ၍ အင်္ဂလိပ်တို့၏မြန်မာပတ္တမြားတွင်းကုမ္ပဏီ Burma Ruby Mines(B.R.M)သည် မိုးကုတ်မှာ ကျောက်စတူးခဲ့ပါသည်။ ပထမဆုံးခေတ်မီမီ စက်ဖြင့်တူးခြင်းဖြစ်ပြီး ကုမ္ပဏီ၏နာမည်ကြီး အင်ဂျင်နီယာ မော်ဂန်(A.H MORGAN)က ကျောက်တွင်းမှ ရေတွေလွှတ်ထုတ်ရန်အတွက် ဂန္တ၀င်မြောက်သော ရေလွှတ်ဥမင်လှိုဏ်ကို တူးခဲ့ဖူး သည်။ ၁၉၂၅ခုနှစ်မှာ မိုးကြီးရွာပြီး ဥမင်ပြိုကျကာ ရေလွှတ်မရတော့သောကြောင့် ကျောက်တွင်းဟောင်းနေရာ သည် မြို့လယ်အလှအပအင်းကြီးအဖြစ် ယနေ့ထိ ကျန်ရှိနေပါသည်။ သည်နေရာမှာ အင်္ဂလိပ်လူမျိုးများအပါအ၀င် နိုင်ငံခြားသားခရီးသွားတို့ လေ့လာနိုင်သောသမိုင်းတွေရှိသည်။ ခေတ်တခေတ်ကို သည်အင်းကြီးက ထင်ဟပ်ပြ နိုင်သည်။
ကမ္ဘာတွင် တစ်ပွင့်မှတစ်ပွင့်ဆိုသလောက်ရှားသော ကျောက်မျက်ပညာရှင်များ တစ်ကောက်ကောက် လိုက်နေကြသည့် ပိန်းနိုက်(Painite)ခေါ်ရတနာတစ်မျိုးကို မစ္စတာပိန်း(မိုးကုတ်သားတို့အခေါ်ဗိုလ်ပိန်း)က British Museum of Natural History in London ၌လှူဒါန်းပြသထားသည်။ သည်ကမ္ဘာကျော်ရတနာမှာ မိုးကုတ်မြို့နယ်အတွင်း အုန်းကိုင်းရွာအနီးရှိတွင်းများမှ မစ္စတာပိန်းက ရသွားခြင်းဖြစ်သည်။ သည်ရတနာကို ယခင်က ကမ္ဘာမှာရှာမတွေ့ဖူးသေးလို့ Mr. A.C.D Painအား ဂုဏ်ပြုကာ ပိန်းနိုက်(Painite)ဟုအမည်ပေးရ လေသည်။
မစ္စတာပိန်း၏အကြောင်းတွေက မိုးကုတ်သားတို့ ပါးစပ်ဖျားမှာ အများကြီးကျန်ပါသည်။ ဗိုလ်ပိန်းနှင့် မိုးကုတ်သားတို့က ဆွေမျိုးရင်းချာတွေလို နေခဲ့ကြသည်။ မိုးကုတ်သားတစ်တွေကလည်း အဖိုးကြီးပိန်းကို သူတို့လိုမိုးကုတ်သားဟုပင် သဘောထား၍ ပေါင်းခဲ့ကြသည်။ ဗိုလ်ပိန်းက ဘောလုံးသင်းလည်းထောင်ပေး ဖူးသည်။ ငှက်မြန်အသင်းဟုခေါ်ပါသည်။ အောင်ဆန်းကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်းဖြင့်ပင် သွားကစားဖူး သောအသင်းဖြစ်ခဲ့ဖူးပါသည်။ သို့ရာတွင် မိုးကုတ်သားတို့ သတိမထားလိုက်မိတာက သူတို့ ချစ်သောအဖိုးကြီးပိန်း သည် အမှန်စစ်စစ်ကမ္ဘာ့ထိပ်ဆုံးမှာရှိသော ကျောက်မျက်ပညာရှင်၊ အင်္ဂလန်က သူဌေးတစ်ဦးဆိုတာကိုပင်ဖြစ် သည်။ သည် ကျောက်မျက်ပညာရှင် မစ္စတာပိန်း၏ နေအိမ်မှာ အမှတ်ရစရာ ယခုထိမိုးကုတ်မှာရှိပါသည်။
          မစ္စတာပိန်းကဲ့သို့ပင် မိုးကုတ်သားတို့က စစ်မင်းကြီးခေါ်သည့် သိယိုဖိးလစ်(Theophilus) ကမ္ဘာမှာ ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ တစ်ဦးလည်းနေသွားဖူးသေးသည်ဟု ဆရာဦးလှဝင်းရေးသော စာတွေထဲ ဖတ်ရသည်။ ဒါကို ကျွန်တော်တို့ပင် မသိခဲ့ပေ။
          အမြဲစိမ်းညို့သောတောတို့အုပ်နေသည့် တောင်ပေါ်ဒေသ တိမ်တိုက်တွေကို ထိကစားလို့ရနိုင်သော ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၈၀၀ကျော်တွင်ရှိသောမိုးကုတ်သည် အေးတာကအလွန်။ Tour Season ဟုခေါ်သော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများဆိုလျှင် နံနက်လင်းပါက မြက်ဖျားနှင်းစက်လေးတွေ ခဲနေတာတွေ့နိုင်သောမြို့ဖြစ်သည်။ ပြင်ဦးလွင်၊ ကလောတို့နှင့်ယှဉ်နိုင်သော တောင်ပေါ်သဘာဝအလှက နေသားတစ်ကျရှိနေသည်။ စိမ့်စမ်း၊ ထုံးကျောက်လှိုဏ်ဂူတွေဆိုတာ အထူးအဆန်းပင် မဟုတ်တော့။ သောက်ရေကိုပင် ထိုကျောက်လှိုဏ်ဂူတွေ၊ စိမ့်စမ်းတွေမှ သွယ်တန်းသောက်ကြပါသည်။ မထုမဆစ်ရဘဲ သဘာဝကျကျ သဏ္ဍန်အမျိုးမျိုးသော ကျောက်စက်ပန်းဆွဲတွေကို သည်လှိုဏ်တွေမှာ ဂန္တ၀င်မြောက်လောက် အောင်တွေ့နိုင်သည်။ အရင်က ကျောက်တွင်းလုပ်ခဲ့သောအလံတစ်ရာလူးခေါ် ကျောက်တွင်းနက်ကြီးကလည်း စိတ်ဝင်စားစရာ လေ့လာစရာဖြစ်လာနိုင်သည်။ ဖိလစ်ပိုင်နိုင်ငံမှ မြေအောက်မြစ်ပူအာတိုပရင့်ဆာကို ကမ္ဘာ့အံဖွယ်ခုနှစ်ခုတွင်ပါဝင်ကြောင်း ဆွစ်ဇာလန်ဖောင်ဒေရှင်း New 7 Wonders ကကြေညာသည်ဟု သတင်း တစ်ပုဒ်ဖတ်လိုက်ရရာတွင် ကျွန်တော်မိုးကုတ်သား မချင့်မရဲ ဖြစ်မိသည်။
သစ်တောသစ်ပင်ထူထူထဲထဲကို အမြဲခြုံနေလေ့ရှိသော တောင်မဲတောင်က ၇၅၄၄ပေအမြင့်ရှိပြီး လျှို့ဝှက် နက်နဲသော သဘာဝအလှတွေပိုက်ထွေးလို့။ Natural Tourism အတွက်လည်းအသင့်။ တောင်မဲတောင်မှာ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ်ရှိ Swamp Way လို မျိုးရွှံနွံတောတွေက တစ်တောင်လုံးဖုံးနေသည်။ Insectကြည့်မလားနှင့်ငှက် ကြည့်မလား။ သစ်ခွရှာမလား။ ရုက္ခဗေဒဆိုင်ရာတွေ လေ့လာမလား။ မြို့နဲ့လည်းအရမ်းမဝေးသော သဘာဝပြတိုက် ဖြစ်ပါသည်။ နေရောင်မခ၊ မိုးစက်မကျဘဲ အုံ့မဲညို့ဆိုင်းတတ်လို့ တောင်မဲတောင်ဟု ခေါ်ခဲ့ကြသည်။
အင်္ဂလိပ်လက်ထက်ကပင် မိုးကုတ်နယ်တွင် စတုရန်း၇၂မိုင်ကိုတောတောင်ကြိုးဝိုင်းနယ် သတ်မှတ်ကာ ဘေးမဲ့တောပေးဖူးသည်။ ကျွန်တော်တို့ငယ်ငယ်က ကျားဟိန်းသံပင်ကြားနိုင်သေးသည်။ ချေ၊ ဆတ်တို့ရှိ သည်။ ရှားပါးသတ္တ၀ါ တောင်ဆိတ်တို့လည်း တွေ့နိုင်သည်။
          မိုးကုတ်မြို့မှမိုးမိတ်သို့ ထွက်သောလမ်းရှိ ကြေးနီတောင်(၆၇၃၃)ပေမှာလည်း ဟိုတယ်ဆောက်လျှင် ကျောက်သားကျောက်ဆောင်တွေနှင့် သဘာဝကျကျဆင်သနိုင်သောနေရာ ဖြစ်သည်။ ကျောက်ဆောင်များကို မှီး၍ ဆောက်ထားသော အဆောက်အုံတစ်ခုရှိနေခဲ့ရာ လာရောက်လည်ပတ်သူများ ထူးထူးဆန်းဆန်းဓါတ်ပုံ ရိုက်စရာ နေရာတစ်ခုအဖြစ် တခုတ်တရ ပြနေရကြ ဖြစ်သည်။
          ပင့်ကူတောင်ကို အင်္ဂလိပ်တွေက မြန်မာမင်းထံ ရွှေဒင်္ဂါးနှင့်ဆက်ဝယ်တာသားရဲ့ဟု မေမေက ခဏခဏ ပြောဖူးသည်။ ဟုတ်သည်မဟုတ်သည်ထက် သေချာတာတော့ သည်တောင်တော်က ကျောက်တော်တော် ထွက်သည်။ ပြိုလဲသွားမှာစိုး၍ အမျှော်အမြင်ရှိသောလူကြီးတွေက ဘုရားတည်ကာ ဘုရားတောင်အဖြစ် ထိန်းသိမ်းထားရသည်။
မိုးကုတ်သို့အညာဒေသမှတက်လာလျှင် တောင်တက်တွေဆုံးသော ရှု့ခင်းသာနေရာက လှမ်းကြည့် လျှင် ကျောက်သားကျောက်စွန်းတွေ ထောင်ထားသလိုမြင်ရမည့် ကျောက်ပြဿဒ်ဘုရားတောင်တစ်ဝှိုက်မှာ ကျောက်လှလှထွက်သောအရပ်အဖြစ် နာမည်ကြီးသည်။ ကျောက်ပြဿဒ်မှ ထွက်သောနီလာမှာလှရာတွင် ပြိုင်စံရှားလေသည်။ ကျောက်ပြဿဒ်တောင်သည် မြွေလိမ်မြွေကောက်လှေကားထစ်ကလေးများမှ တက်သွား ရသော သိပ်လှသည့် ထူးခြားဆန်းပြား သဘာဝကျောက်တောင်တစ်ခုဖြစ်ပါသည်။ မိုးကုတ်အလည်လာသူများ ကို လိုက်မပို့လျှင်မဖြစ်သော နေရာအဖြစ်လည်း ကျော်ကြားပြန်သဖြင့် ကမ္ဘာလှည့်ခရီးသွားများရောဟု ဆိုချင်စရာ ရှိပါသည်။ အစိုးရ၏ နိုင်ငံကျော်မိုင်းတစ်ခုဖြစ်သော ကုဋေကဋာကလည်း သည်ကျောက်ပြဿဒ် အရပ်မှာရှိပါသည်။
Mr. Edward Gubelin, president of Gubelin’s of Switzerland နှင့်အဖွဲ့များက ၁၉၉၃ခုနှစ်တွင် လင်းရောင်ခြည်ရူဘီမိုင်းကို လာရောက်လေ့လာလည်ပတ်ဖူးသဖြင့် မိုးကုတ်ရှိကျောက်တွင်းမိုင်းများမှာ နိုင်ငံခြား သားခရီးသွားများခွင့်ပြုလျှင် ကျောက်မျက်ပညာရှင်၊ ဘူမိဗေဒပညာရှင်၊ သမိုင်းသုတေသီ စသောပညာရှင်များ အတွက်ဖြစ်သလို ဒေသသဘာဝမှာလည်း ဓါတ်ပုံသမား၊ တောတောင်သဘာဝနှစ်ချိုက်သူများ၊ စိတ်ချမ်းမြေ့ စဖွယ် အပန်းဖြေအနားယူလိုသူများအတွက် ထူးထူးခြားခြား ရသစုံအမယ်မယ်ဖြင့် ဧည့်ခံလိုသော ခရီးသွားကြိုက် ဟင်းလေးအိုးကြီး ဖြစ်လာမည်မှာလည်း မလွဲပေ။
ပေးပို့သူ
ပြတ်သား(ရတနာမြေ)
(10.1.2012)

Monday, October 1, 2012

သားငယ်လေ ဗိုလ်ဟိန်းထက်ဦးရဲ့မိမိကို ခံစာစေတဲ့ ကဗျာလေးပါ

ပိုက်ကွန်တစ်ချက်မုဆိုးတစ်သက်ရယ်တဲ့
ပြောကြတဲ့ဒီစကားတွေက
ရင်ထဲကို တကယ်ဘ၀င်မကျရ ယ်ပါ
ဆိုးလိုက်မည့်နောင်သံသရာရယ် ။
နေပါကွယ်သံသရာနောက်ထား
အိမ်မှာကွယ်ကြင်သူသက်ထားရယ်နဲ့
တီတာကွယ် အမောဇောကိုပျောက်စေမဲ့
စုတ်ချာလီ ရင်သွေးတွေ မျှော်နေရော့မယ် ။
တစ်ထွာစား ၀မ်းသမုဒ္ဒရာအတွက်
လူတစ်ကာ ကိုယ့်ဝမ်းအရင်ဝအောင်ဖြည့်ကြတဲ့အမျိုးပ
ပြောင်းလဲလာတဲ့စနစ်တွေနဲ့ ငါ့ဝမ်းနာအောင်ထိုင်မစောင့်ရပါစေနဲ့
ကိုင်း(ငါးတွေရေ)………….
နောင်ခါလာနောင်ခါမှရှင်းမယ်ဟေ့
 Bo  Hein Htet Oo