“ချစ်သောမိုးကုတ်(၁)”
ကျွန်တော်
စာမရေးဖူးခဲ့ပါ။ စာရေးရမှာ ကြောက်သောကြောင့်လည်း ဖြစ်ပါသည်။ စာလုံးပေါင်း
မှားမှာ ကြောက်သည်။ ၀ိုင်းဟားမှာ ကြောက်သည်။ မဖော်ပြမှာ ကြောက်သည်။
ဖော်ပြခွင့်မရမှာလည်း ကြောက်သည်။ သည်ကြောက်စိတ်တို့သည်ပင် သမ္မတကြီးက
စတုတ္ထမဏ္ဍိုင်ဟု ဆိုလိုက်သောအခါမယ် လွင့်ပြယ်လျှက် ပြည်သူ့ခေတ်ဂျာနယ်၌
“ထလော့မိုးကုတ်သား အိုမိုးကုတ်သားတို့” စာမူဖြင့် အလင်းတစ်ချက်
လက်ခွင့်ရလိုက် သည်။ ထိုမှစီးသော အတိုင်းမသိနိုင်သည့် ပီတိတို့ဖြင့်
“ချစ်သောမိုးကုတ်”ကို ဆက်ရေးမိခြင်းဖြစ်ပါသည်။
ကျွန်တော်မိုးကုတ်ကို
ချစ်ပါသည်။ ဇာတိမြေဖြစ်ခြင်းထက် တကယ်လည်း ချစ်စရာကောင်းသောဌာနေ
လေးဖြစ်ပါသည်။ သည်ချစ်စရာမြေလေးကို ကျွန်တော်မှချစ်သည်မဟုတ်
ကျွန်တော်တို့ဇာတိသား မဟုတ် သည့် ဆရာဦးလှဝင်း(လေသူရဲတစ်ဦး)ကလည်း
မည်မျှချစ်စရာကောင်းကြောင်းတွေ ရေးနေပါသည်။
မြန်မာသက္ကရာဇ်-၅၇၉ခုနှစ်
မိုးမိတ်စော်ဘွားကြီးသိုးဟန်ဖတ်လက်ထက်တွင် ရှမ်းမုဆိုးသုံးဦး တော
လည်ထွက်ရင်း ကျီးများ စွန်များ ၀ဲသည့်နေရာတွင် ရတနာဖြစ်လာမည့်
အနီရောင်ကျောက်အတုံးအတစ်များ တွေ့ရှိရာမှအစပြုခဲ့သည့် မိုးကုတ်သည်
သမိုင်းနှင့်ရတနာအပြင် ချစ်စရာအမူအကျင့်တွေကို ထမ်းပိုးသယ်
ဆောင်ခရီးနှင်ရှာရင်း ယခုအချိန်တွင် သက်ပြင်းတွေ တစ်ဟူးဟူး
မှုတ်ထုတ်နေရသဖြင့် သူ့အတွက် ရင်အေးစရာလေးတစ်ခုတော့ ဖန်တီးပေးသင့်ပါပြီ။
“မိုးကုတ်သည် ခရီးသွားမြို့လေး ဖြစ်သင့်သည်”
ကျွန်တော်တို့
ငယ်ငယ် အလွန်အေးသော မိုးကုတ်ညနေခင်းများ၌ အဘွားအိမ်က ထင်းမီးဖိုကြီး၏
ပတ်ပတ်လည်တွင်ထိုင်ကာ မောင်နှမသားချင်းတစ်တွေ ဆုံဆည်းတတ်ကြပါသည်။ ထိုအခါ
လူကြီးမိဘများက မိုးကုတ်ပုံပြင်တွေ ပြောကြသည်။ အပြင်တွင် ရေခဲတစ်မျှ
အေးနေသော်လည်း စကားဝိုင်းတွင်း တွင်မတော့ ချစ်စရာဓလေ့တွေနဲ့ နွေးလို့။
မောင်ပေါက်ကျိုင်း
ရာဇ၀င်လည်း မိုးကုတ်ကစသည်။ မောင်ပေါက်ကျိုင်း၏ ငှက်ပျောတုံးနှင့်
မိတ်ဆက်သွားရရှာသော နဂါးသည် မိုးကုတ်ကခုတ်သည့်နန်းတိုင်ဖြင့်
ပါတော်မူသွားခြင်းဖြစ်သည်။ နန်းတိုင် ခုတ်သောအရပ်ကို တကောင်းနန်းတိုင်။
ထိုတိုင်ကြီးကို သယ်ဆောင်ရာတွင် နဂါးကြီးပါနေ၍ လူးလူးပြီးထသော အရပ်ကိုလူးထ၊
ထိုးထိုးပြီးကျသော အရပ်ကိုထိုးကျ၊ နတ်တို့က ပင့်ကူ တင်ပေးရသောတောင်ကို
ပင့်ကူတောင် ဟုခေါ်ကြောင်း မီးပုံဘေးပုံပြင်များက မှတ်သားရဖူးသည်။
အဖိုးကတော့
လေယာဉ်ပျံတွေ မီးမှိတ်တုတ်မှိတ်တုတ်နှင့် ပျံသွားတိုင်း
ဟိုးကောင်းကင်ကပျံတဲ့ လေယာဉ်ပျံတွေဟာ နိုင်ငံခြားကိုသွားတာပေါ့။
အဲ့ဒီလေယာဉ်ပျံတွေ ဒို့မြို့ပေါ်ကဖြတ်ရင် မိုးကုတ်လို့မီးနီလေး နဲ့
စာတန်းထိုးတယ်တဲ့။ ကျွန်တော့်အဖိုးက လေယာဉ်မစီးခဲ့ဖူးပါ။ နိုင်ငံခြားလည်း
မသွားခဲ့ဖူးပါ။ ကျွန်တော် ကိုယ်တိုင်လည်း အခုထိ
နိုင်ငံခြားလေယာဉ်မစီးဘူးသေးတော့ ထိုကိစ္စကို အတည်မပြုနိုင်ပါ။ အဖိုးလည်း
မည်သည်က ကြားခဲ့ရသည် မသိပါ။
သို့ရာတွင် Internet ပေါ်၌ မိုးကုတ်ဟုရှာကြည့်ရာတွင် www.allmyanmar.com
၌ “မြန်မာနိုင်ငံ မိုင်းတွင်းများမှထွက်သော တွင်းထွက်ရတနာများသည်
ထိုင်းနိုင်ငံ၌အဆုံးသတ်ရပါသည်။ ဘန်ကောက် (သို့မဟုတ်) ချန်တာဘူရီ
ပတ္တယားတောင်ပိုင်းဒေသမှာ မိုင်းတွင်းများမရှိသော်လည်း အာရှတွင် ကျောက်မျက်
ရတနာရောင်းဝယ်ရာ အကြီးဆုံးသောဈေးကွက်ဖြစ်ပါသည်။ ကျောက်မျက်ဈေးမှာ စနေ၊
တနင်္ဂနွေနေ့များတွင် ဖြစ်သော်လည်း ဆိုင်ငယ်များ၊ စာသောက်ဆိုင်များရှိရာ
မြို့တွင်းရှိလမ်းတစ်လမ်းပေါ်တွင်တော့ ရောင်းသူ ၀ယ်သူများအနေဖြင့်
စာပွဲတစ်လုံးငှားရမ်းကာ တွေ့ဆုံညှိနှိုင်းဝယ်ယူနိုင်သည်မှာ
နေ့တိုင်းပင်ဖြစ်ပါသည်” ဟုဖော်ပြထားသည့်ပြင် “မိုးကုတ်မှထွက်သော
ဂေါ်ကြိုး(Star Ruby)ကဲ့သို့သော ပတ္တမြားများအပါအ၀င် မြန်မာ့ပတ္တမြားများသည်
လှပသော ကျောက်မျက်ရတနာများအဖြစ် ဘန်ကောက်တွင် ချန်တာဘူရီတွင်
အဆုံးသတ်ပြုလုပ်ပါသည်” ဟုတွေ့မိပါသည်။ မိုင်းတွင်းများကိုယ်ပိုင်မရှိပါဘဲ
အငှားကိုယ်ဝန်နှင့်နာမည် ကျော်ကြားနေသော ယိုးဒယားဟု တွေ့မိသောအခါမယ်
အဖိုးစကားမှာ သံသယများစရာ ဖြစ်လာပါတော့သည်။
သည်လိုဘာလို့ဖြစ်ရပါသနည်း။
မိုးကုတ်သည် နိုင်ငံခြားသားခရီးသွားများကို စွဲညို့ဖမ်းစားစေနိုင်သော
နေရာတစ်ခုဖြစ်ပါသည်။ ခြေခြေမြစ်မြစ် သမိုင်းအနှစ်တွေနှင့်လည်း
ဖွဲ့သီထားပါလျှက်။
၁၈၈၉ခုနှစ်မှစ၍
အင်္ဂလိပ်တို့၏မြန်မာပတ္တမြားတွင်းကုမ္ပဏီ Burma Ruby Mines(B.R.M)သည်
မိုးကုတ်မှာ ကျောက်စတူးခဲ့ပါသည်။ ပထမဆုံးခေတ်မီမီ စက်ဖြင့်တူးခြင်းဖြစ်ပြီး
ကုမ္ပဏီ၏နာမည်ကြီး အင်ဂျင်နီယာ မော်ဂန်(A.H MORGAN)က ကျောက်တွင်းမှ
ရေတွေလွှတ်ထုတ်ရန်အတွက် ဂန္တ၀င်မြောက်သော ရေလွှတ်ဥမင်လှိုဏ်ကို တူးခဲ့ဖူး သည်။ ၁၉၂၅ခုနှစ်မှာ မိုးကြီးရွာပြီး ဥမင်ပြိုကျကာ ရေလွှတ်မရတော့သောကြောင့် ကျောက်တွင်းဟောင်းနေရာ သည်
မြို့လယ်အလှအပအင်းကြီးအဖြစ် ယနေ့ထိ ကျန်ရှိနေပါသည်။ သည်နေရာမှာ
အင်္ဂလိပ်လူမျိုးများအပါအ၀င် နိုင်ငံခြားသားခရီးသွားတို့
လေ့လာနိုင်သောသမိုင်းတွေရှိသည်။ ခေတ်တခေတ်ကို သည်အင်းကြီးက ထင်ဟပ်ပြ
နိုင်သည်။
ကမ္ဘာတွင် တစ်ပွင့်မှတစ်ပွင့်ဆိုသလောက်ရှားသော ကျောက်မျက်ပညာရှင်များ တစ်ကောက်ကောက်
လိုက်နေကြသည့် ပိန်းနိုက်(Painite)ခေါ်ရတနာတစ်မျိုးကို
မစ္စတာပိန်း(မိုးကုတ်သားတို့အခေါ်ဗိုလ်ပိန်း)က British Museum of Natural
History in London ၌လှူဒါန်းပြသထားသည်။ သည်ကမ္ဘာကျော်ရတနာမှာ
မိုးကုတ်မြို့နယ်အတွင်း အုန်းကိုင်းရွာအနီးရှိတွင်းများမှ မစ္စတာပိန်းက
ရသွားခြင်းဖြစ်သည်။ သည်ရတနာကို ယခင်က ကမ္ဘာမှာရှာမတွေ့ဖူးသေးလို့ Mr. A.C.D
Painအား ဂုဏ်ပြုကာ ပိန်းနိုက်(Painite)ဟုအမည်ပေးရ လေသည်။
မစ္စတာပိန်း၏အကြောင်းတွေက
မိုးကုတ်သားတို့ ပါးစပ်ဖျားမှာ အများကြီးကျန်ပါသည်။ ဗိုလ်ပိန်းနှင့်
မိုးကုတ်သားတို့က ဆွေမျိုးရင်းချာတွေလို နေခဲ့ကြသည်။
မိုးကုတ်သားတစ်တွေကလည်း အဖိုးကြီးပိန်းကို သူတို့လိုမိုးကုတ်သားဟုပင်
သဘောထား၍ ပေါင်းခဲ့ကြသည်။ ဗိုလ်ပိန်းက ဘောလုံးသင်းလည်းထောင်ပေး ဖူးသည်။
ငှက်မြန်အသင်းဟုခေါ်ပါသည်။ အောင်ဆန်းကွင်းတွင်
မြန်မာ့လက်ရွေးစင်အသင်းဖြင့်ပင် သွားကစားဖူး သောအသင်းဖြစ်ခဲ့ဖူးပါသည်။
သို့ရာတွင် မိုးကုတ်သားတို့ သတိမထားလိုက်မိတာက သူတို့
ချစ်သောအဖိုးကြီးပိန်း သည် အမှန်စစ်စစ်ကမ္ဘာ့ထိပ်ဆုံးမှာရှိသော
ကျောက်မျက်ပညာရှင်၊ အင်္ဂလန်က သူဌေးတစ်ဦးဆိုတာကိုပင်ဖြစ် သည်။ သည်
ကျောက်မျက်ပညာရှင် မစ္စတာပိန်း၏ နေအိမ်မှာ အမှတ်ရစရာ
ယခုထိမိုးကုတ်မှာရှိပါသည်။
မစ္စတာပိန်းကဲ့သို့ပင်
မိုးကုတ်သားတို့က စစ်မင်းကြီးခေါ်သည့် သိယိုဖိးလစ်(Theophilus) ကမ္ဘာမှာ
ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ တစ်ဦးလည်းနေသွားဖူးသေးသည်ဟု
ဆရာဦးလှဝင်းရေးသော စာတွေထဲ ဖတ်ရသည်။ ဒါကို ကျွန်တော်တို့ပင် မသိခဲ့ပေ။
အမြဲစိမ်းညို့သောတောတို့အုပ်နေသည့်
တောင်ပေါ်ဒေသ တိမ်တိုက်တွေကို ထိကစားလို့ရနိုင်သော ပင်လယ်ရေမျက်နှာပြင်အထက်
ပေ၃၈၀၀ကျော်တွင်ရှိသောမိုးကုတ်သည် အေးတာကအလွန်။ Tour Season ဟုခေါ်သော
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများဆိုလျှင် နံနက်လင်းပါက
မြက်ဖျားနှင်းစက်လေးတွေ ခဲနေတာတွေ့နိုင်သောမြို့ဖြစ်သည်။ ပြင်ဦးလွင်၊
ကလောတို့နှင့်ယှဉ်နိုင်သော တောင်ပေါ်သဘာဝအလှက နေသားတစ်ကျရှိနေသည်။
စိမ့်စမ်း၊ ထုံးကျောက်လှိုဏ်ဂူတွေဆိုတာ အထူးအဆန်းပင် မဟုတ်တော့။
သောက်ရေကိုပင် ထိုကျောက်လှိုဏ်ဂူတွေ၊ စိမ့်စမ်းတွေမှ သွယ်တန်းသောက်ကြပါသည်။
မထုမဆစ်ရဘဲ သဘာဝကျကျ သဏ္ဍန်အမျိုးမျိုးသော ကျောက်စက်ပန်းဆွဲတွေကို
သည်လှိုဏ်တွေမှာ ဂန္တ၀င်မြောက်လောက် အောင်တွေ့နိုင်သည်။ အရင်က
ကျောက်တွင်းလုပ်ခဲ့သောအလံတစ်ရာလူးခေါ် ကျောက်တွင်းနက်ကြီးကလည်း
စိတ်ဝင်စားစရာ လေ့လာစရာဖြစ်လာနိုင်သည်။ ဖိလစ်ပိုင်နိုင်ငံမှ
မြေအောက်မြစ်ပူအာတိုပရင့်ဆာကို ကမ္ဘာ့အံဖွယ်ခုနှစ်ခုတွင်ပါဝင်ကြောင်း
ဆွစ်ဇာလန်ဖောင်ဒေရှင်း New 7 Wonders ကကြေညာသည်ဟု သတင်း
တစ်ပုဒ်ဖတ်လိုက်ရရာတွင် ကျွန်တော်မိုးကုတ်သား မချင့်မရဲ ဖြစ်မိသည်။
သစ်တောသစ်ပင်ထူထူထဲထဲကို
အမြဲခြုံနေလေ့ရှိသော တောင်မဲတောင်က ၇၅၄၄ပေအမြင့်ရှိပြီး လျှို့ဝှက်
နက်နဲသော သဘာဝအလှတွေပိုက်ထွေးလို့။ Natural Tourism အတွက်လည်းအသင့်။
တောင်မဲတောင်မှာ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ်ရှိ Swamp Way လို
မျိုးရွှံနွံတောတွေက တစ်တောင်လုံးဖုံးနေသည်။ Insectကြည့်မလားနှင့်ငှက်
ကြည့်မလား။ သစ်ခွရှာမလား။ ရုက္ခဗေဒဆိုင်ရာတွေ လေ့လာမလား။
မြို့နဲ့လည်းအရမ်းမဝေးသော သဘာဝပြတိုက် ဖြစ်ပါသည်။ နေရောင်မခ၊ မိုးစက်မကျဘဲ
အုံ့မဲညို့ဆိုင်းတတ်လို့ တောင်မဲတောင်ဟု ခေါ်ခဲ့ကြသည်။
အင်္ဂလိပ်လက်ထက်ကပင်
မိုးကုတ်နယ်တွင် စတုရန်း၇၂မိုင်ကိုတောတောင်ကြိုးဝိုင်းနယ် သတ်မှတ်ကာ
ဘေးမဲ့တောပေးဖူးသည်။ ကျွန်တော်တို့ငယ်ငယ်က ကျားဟိန်းသံပင်ကြားနိုင်သေးသည်။
ချေ၊ ဆတ်တို့ရှိ သည်။ ရှားပါးသတ္တ၀ါ တောင်ဆိတ်တို့လည်း တွေ့နိုင်သည်။
မိုးကုတ်မြို့မှမိုးမိတ်သို့
ထွက်သောလမ်းရှိ ကြေးနီတောင်(၆၇၃၃)ပေမှာလည်း ဟိုတယ်ဆောက်လျှင်
ကျောက်သားကျောက်ဆောင်တွေနှင့် သဘာဝကျကျဆင်သနိုင်သောနေရာ ဖြစ်သည်။
ကျောက်ဆောင်များကို မှီး၍ ဆောက်ထားသော အဆောက်အုံတစ်ခုရှိနေခဲ့ရာ
လာရောက်လည်ပတ်သူများ ထူးထူးဆန်းဆန်းဓါတ်ပုံ ရိုက်စရာ နေရာတစ်ခုအဖြစ်
တခုတ်တရ ပြနေရကြ ဖြစ်သည်။
ပင့်ကူတောင်ကို
အင်္ဂလိပ်တွေက မြန်မာမင်းထံ ရွှေဒင်္ဂါးနှင့်ဆက်ဝယ်တာသားရဲ့ဟု မေမေက ခဏခဏ
ပြောဖူးသည်။ ဟုတ်သည်မဟုတ်သည်ထက် သေချာတာတော့ သည်တောင်တော်က ကျောက်တော်တော်
ထွက်သည်။ ပြိုလဲသွားမှာစိုး၍ အမျှော်အမြင်ရှိသောလူကြီးတွေက ဘုရားတည်ကာ
ဘုရားတောင်အဖြစ် ထိန်းသိမ်းထားရသည်။
မိုးကုတ်သို့အညာဒေသမှတက်လာလျှင်
တောင်တက်တွေဆုံးသော ရှု့ခင်းသာနေရာက လှမ်းကြည့် လျှင်
ကျောက်သားကျောက်စွန်းတွေ ထောင်ထားသလိုမြင်ရမည့်
ကျောက်ပြဿဒ်ဘုရားတောင်တစ်ဝှိုက်မှာ ကျောက်လှလှထွက်သောအရပ်အဖြစ်
နာမည်ကြီးသည်။ ကျောက်ပြဿဒ်မှ ထွက်သောနီလာမှာလှရာတွင် ပြိုင်စံရှားလေသည်။
ကျောက်ပြဿဒ်တောင်သည် မြွေလိမ်မြွေကောက်လှေကားထစ်ကလေးများမှ တက်သွား ရသော
သိပ်လှသည့် ထူးခြားဆန်းပြား သဘာဝကျောက်တောင်တစ်ခုဖြစ်ပါသည်။
မိုးကုတ်အလည်လာသူများ ကို လိုက်မပို့လျှင်မဖြစ်သော နေရာအဖြစ်လည်း
ကျော်ကြားပြန်သဖြင့် ကမ္ဘာလှည့်ခရီးသွားများရောဟု ဆိုချင်စရာ ရှိပါသည်။
အစိုးရ၏ နိုင်ငံကျော်မိုင်းတစ်ခုဖြစ်သော ကုဋေကဋာကလည်း သည်ကျောက်ပြဿဒ်
အရပ်မှာရှိပါသည်။
Mr. Edward Gubelin, president of Gubelin’s of Switzerland နှင့်အဖွဲ့များက
၁၉၉၃ခုနှစ်တွင် လင်းရောင်ခြည်ရူဘီမိုင်းကို လာရောက်လေ့လာလည်ပတ်ဖူးသဖြင့်
မိုးကုတ်ရှိကျောက်တွင်းမိုင်းများမှာ နိုင်ငံခြား
သားခရီးသွားများခွင့်ပြုလျှင် ကျောက်မျက်ပညာရှင်၊ ဘူမိဗေဒပညာရှင်၊
သမိုင်းသုတေသီ စသောပညာရှင်များ အတွက်ဖြစ်သလို ဒေသသဘာဝမှာလည်း ဓါတ်ပုံသမား၊
တောတောင်သဘာဝနှစ်ချိုက်သူများ၊ စိတ်ချမ်းမြေ့ စဖွယ်
အပန်းဖြေအနားယူလိုသူများအတွက် ထူးထူးခြားခြား ရသစုံအမယ်မယ်ဖြင့်
ဧည့်ခံလိုသော ခရီးသွားကြိုက် ဟင်းလေးအိုးကြီး ဖြစ်လာမည်မှာလည်း မလွဲပေ။
ပေးပို့သူ
ပြတ်သား(ရတနာမြေ)
(10.1.2012)
No comments:
Post a Comment