Wednesday, October 3, 2012

unday, January 8, 2012

ဆရာသို့........

         ဆရာ အေးချမ်းစွာ ပြန်ရောက်တာသိရလို့ ၀မ်းသာပါတယ်။ Messageတွေလည်းရပါတယ်။ ဆရာ့မေတ္တာနဲ့ ခင်မင်မှုတွေကို တစ်သက်လုံး လေးစားနေမှာပါ။ အမှန်တော့ ဆရာနဲ့ ရက်တော်တော်များများ အေးအေးဆေးဆေး မုန့်စား၊ ထမင်းစားရင်း စကားတွေပြောချင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် အားလပ်ချိန်က နည်းပါးလွန်းပါတယ်။ တင်းကြပ်စည်းနှောင်နေတဲ့ ဘ၀အမောတွေ ထဲမှာ သည်လိုအချိန်လေးတွေက တပ်မက်စရာပါ။ ဆရာနဲ့ အတွေးချင်း တူနိုင်မယ်ထင်လို့ ဆရာမောင်ရင့်မာ(ကျောင်းကုန်း)ရဲ့ “တောတန်းအလွန်” အက်ဆေး တစ်ပိုင်းတစ်စ ကူးရေး ပေးလိုက် ပါတယ်။ ဆရာ့ကို စာအုပ် ပို့ပေးပါ့မယ်။
ညို့ဆိုင်းနက်ရှိုင်းတောတန်းကဖြင့် လှပေရဲ့
ဒါပေမယ့် ငါ့မှာတည်ရမယ့် ကတိတွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား
မအိပ်ခင်သွားရ ဦးမယ့်ခရီးမိုင်တွေနဲ့ပါလား

“ကြည်နူးဆွတ်မြ ခံစားရခွင့်ဆိုသည်ကလည်း ဘ၀မှာ အစဉ်ထာဝရ “ရမြဲရ” တတ်သော အရာမဟုတ်ပါချေ။ သစ်ရိပ်ဝေေ၀၊ တောတန်းအေးအေး၊ ညနေနွေးနွေး၊ ပန်းမြမွှေးမွှေးတို့သာရှိမည့် သီးခြားဖြစ်သော ကမ္ဘာလေးထဲ ကြာတောင့်ကြာရှည် လွင့်မျောမိန်းမူးနေလို့မဖြစ်။ လူသားတစ်ယောက်အနေဖြင့် ထားရှိသောကတိ၊ ထမ်းရမည့်တာဝန်၊ မွေးဖွားလာသည်မှ သေလွန်သည်အထိ တစ်ဘ၀စာ သို့မဟုတ် ဘ၀တို့အဖန်ဖန် ဖြစ်ပြန်ပြောင်းလဲတတ်သော တစ်သံသရာဆုံးသည်အထိ တနုံနုံတနဲ့နဲ့နှင်ရလေဦးမည့် ခရီးတာဆိုသည်တို့ကို မေ့လျှော့ချန်သွား ပစ်ပယ်ထားလို့မဖြစ်။ သားသမီးက အမိအဖအပေါ် တည်ရမယ့်ကတိ၊ မိတ်ဆွေရောင်းရင်းက သူ့အပေါင်းအသင်းရဲဘော်ရဲဘက် အပေါ် တည်ရမယ့်ကတိ၊ အိမ်ဦးနတ်က သူ့မိသားစုအပေါ် တည်ရမယ့်ကတိ၊ ရပ်ရွာလူကြီးက သူ့ရပ်ရွာအပေါ် တည်ရမယ့်ကတိ၊ နိုင်ငံသားတစ်ယောက်က သူ့တိုင်းနိုင်ငံအပေါ် တည်ရမယ့်ကတိတွေကို မေ့လျှော့ပစ်ပယ်၍ တောတန်း နံဘေး၊ မည်မျှကြာရှည် ရပ်ကြည့်ငေးမောလွင့်မျောနေနိုင်ပါမည်နည်း။
     တစ်ချို့သောသူတို့တောတန်းမှာ စာပေ၊  ဂီတ။ တစ်ချို့သောသူတို့တောတန်းမှာ အနုပညာတစ်ခုခု ဖြစ်သည်။ တစ်ချို့သော သူတို့တောတန်းမှာ ယမကာဖြစ်သည်။ တစ်ချို့သော သူတို့ တောတန်းမှာ .....အစရှိသည်ဖြစ်မည်။ ထူးခြားကံကောင်းသောသူတစ်ချို့သာလျှင် သူတို့တည်ရမယ့် ကတိတွေကို သူတို့ ချစ်သော တောတန်းကလေး၌ သိမ်းမြှုပ်ထားနိုင်ကာ တောတန်းကလေးကို အစဉ်ထာဝရ ဖက်ပွေ့ကြည်နူး နေဖို့ အခွင့်ရကြသည်။
တစ်ခုပဲရှိပါသည်။ စိမ်းဖန့်စိုလတ်သောတောတန်းနံဘေး၌ ကြာရှည်ကြာမျော နေလိုဇောဖြင့် တည်ရမယ့် ကတိတွေကို “ထိုးကျွေးမပစ်သင့်ဟုကျွန်တော်ထင်ပါသည်။”   တဲ့ 
            ဆရာရေ
                       ဆရာမောင့်ရင့်မာ(ကျောင်းကုန်း)ရဲ့ တောတန်းအလွန် အက်ဆေးဖတ်ပြီးချိန်မှာ ဆရာ လည်း အတွေးတူနေမယ်ထင်ပါတယ်။ ကျွန်တော်တို့တစ်တွေ တောတန်းလေးဘေးမှာ အေးအေးဆေးဆေး ကျောက်ခုံးလေးချ၊ ငေးမောနေဖို့ အချိန်သိပ်မရကြဘူးနော်။ ကျွန်တော်တို့ မက်မောကြတဲ့ တောတန်းလေး မပျောက်သွားဖို့အရေးတော့ ပြုစုပျိုးထောင်ကြရမယ် ထင်ပါရဲ့။ တကယ့်ရင်ထဲကလာတဲ့ လေးစားခင်မင်မှု ရေစင်တွေ သွန်းလောင်းရင်းနဲ့ပေါ့။ တစ်ခြားတပည့်တူကျွန်တော်တို့ သူငယ်ချင်းတွေကိုလည်း ဒီစာလေးမျှ ဝေပေးပါ။ ဆရာ့အိမ်မှာ အခုလို အေးအေးချမ်းချမ်း ဆောင်းရာသီမှာ တစ်ခါလောက်တော့ ငယ်သူငယ်ချင်း တွေနဲ့ တောတန်းလေး ငေးချင်သေးတယ်

No comments: