Thursday, March 7, 2013

ကျပ်ပြင်အလွမ်းပြေလေးပါ “မန္တလေးအလင်းဂျာနယ်...
Jessy Kp 9:19pm Mar 5
ကျပ်ပြင်အလွမ်းပြေလေးပါ “မန္တလေးအလင်းဂျာနယ် အတွဲ-၂ အမှတ်-၄၂”မှာရေးပါတယ်။
“သံခမောက်ဆောင်းနက္ခတ်”
“ဗေဒင်ယုံသလား”လို့ကျွန်တော့်အားမေးလျှင် “မယုံဘူး” ဟုမဆိုင်းမတွဖြေလိုက်မှာသေချာသည်။ ကျွန်တော်သည် အယူအဆသည်းထန်သူမဟုတ်သော်လည်း “ကိုယ်လုပ်တာဘဲကိုယ်စားရမည်” “အလုပ် ကောင်းမှကံကောင်းမည်” “ကိုယ်စိုက်သည့်အပင်မှ အသီးအပွင့် ကိုယ်သာဆွတ်ခူးစားသုံးခွင့်ရမည်” ဆိုသော အဆိုအမိန့်တို့ကိုလက်ခံသူ။ သို့ဆိုပါသော်လည်း အမှန်အတိုင်းဝန်ခံရပါလျှင် တစ်ခါတစ်ရံ အလုပ်တွင် တိုက်စရာဖိုက်စရာ များလွန်းသောအခါ၊ တစ်ဖက်မှထိုးနှက်ချက်တွေကို ခံရဖန်များလွန်းလာသောအခါများ အပြင် ကိုယ်ရသင့်ရထိုက်သော အသက်မွေးပညာခလေးများရဖို့ ရှောင်လွှဲခံရတာတွေကြုံနေသောအခါများ တွင် သွားရင်းလာရင်း ဆိုင်ကယ်ကျွတ်ကဖာမရတော့ဘဲ အသစ်ဝယ်ထည့်ရတာမျိုး၊ အိမ်ပြန်ရောက်တော့ ရေမော်တာလောင်နေတာကြုံရတာမျိုး၊ ဇနီးသည်ထံမှ သမီးမူကြိုလခကြိုတောင်းတယ် သတင်းစကားရတာမျိုး၊ ပို့ထားသောစာမူတွေအရွေးမခံရတာမျိုးများ တစ်ပြိုင်နက်တိုက်ဆိုင်လိုက်လျှင်တော့ ဂျာနယ်တွေတွင်ပါတတ် သော တစ်ပတ်စာဟောကိန်းများအပေါ်တွင် ကိုယ့်မွေးနံကိုလက်ထောက်မိတတ်သလို ကုံ၊ ဓနု၊ မကာရစသော အဖွားရာသီများ၌လည်း မျက်စီကစားမိတတ်လေသည်။
အခုတစ်လောတွင် ရွှေတိဂုံဘုရားပေါ်လင်းတနားသောကိစ္စ အမျိုးမျိုးအတိတ်ကောက်ကြသည်။ တစ်ချို့ကရွှေဟင်္သာလို့ခေါ်ရမည်ဆိုကြသည်။ သည်ခေါင်းပြောင်ပြောင် လည်ပြောင်ပြောင်နှင့် အကောင်ကြီး တွေကို ရွှေဟင်္သာလို့မြင်ကြည့်လို့မရတာတော့ လူတိုင်းလက်ခံကြမည်ထင်ပါသည်။ ကျွန်တော့် မိတ်ဆွေ ပြောသလို ကျွန်တော်တို့နိုင်ငံတွင် ရွှေမပါလျှင် တည်ဆောက်မရတော့တာလား။ ရွှေကြိုက်သော ရွှေမြန်မာတို့ အတွက် စဉ်းစားစရာ။ အမှန်တော့ ဆောင်းခိုငှက်များ ဖြတ်သန်းသွားကြရင်း ခရီးတစ်ထောက်ဝင်နားသည် ဆိုတာလူများအသိ။ သို့သော်တကယ့်လက်တွေ့မှာ ကြုံတွေ့နေရတာတွေနှင့် အခွင့်သင့်အခါကိုက် သူတို့ လာနားလိုက်ခြင်းက အယူစကားတွေထွက်ဖို့ဖြစ်လာသည်။ ရွှေတွေတောင်လိုပုံထားသလို ရွှေတိဂုံပေါ်ကိုမှ လင်းတတို့လာနားခြင်းမဟုတ်ပါလား။
ကျွန်တော်တို့မိသားစုတွင် အမေက အယူနည်းနည်းများသည်။ ကျွန်တော်ငယ်ငယ်ကတည်းက ဇာတာပချုပ်တွေလုပ်ပေးထားသည်။ ထိုဇာတာတွေကို ခေါင်းရင်းအမြင့်မှာ ကြိမ်ခြင်းနှင့်တယုတယထားရသည်။ အဘွားဆုံးတာတောင် ဇာတာကြွက်ကိုက်လို့ဆိုလား ဆိုတာမျိုးတွေကရှိသေးသည်။ ကျွန်တော့်ကိုလည်း ငါ့သားကရာဇဖွားလူကြီးဖြစ်မှာလို့အမြဲပြောသည်။ ငါ့သားကြီးကတော့ အဖွားညံရှာတယ်လို့လည်းဆိုတတ် သည်။ သူ့သားကြီးဘင်္ဂဖွားမှာ အရွယ်မကုန်ခင် စောစောကြွေလွင့်သွားတော့ သူမျက်ရည်စမ်းစမ်းနဲ့ပြောတိုင်း ကျွန်တော်လည်း သည်အဖွားတွေကို အတိုက်အခံမလုပ်တော့။ ၀န်ထမ်းပတ်ဝန်းကျင်မှာ ရှင်သန်နေရပြီဖြစ်သော ကျွန်တော်ကိုယ်တိုင်လည်း ရာဇဖွားကိုအားကျလာတာလည်းပါမည်။ ကျွန်တော်ကအမှန်တော့ဗေဒင်မယုံဟု လက်စွဲထားတာပေမယ့် ချီးထုပ်ကြီးတွေကို အိမ်မက်မက်လျှင် ထီပြေးထိုးတာမျိုး၊ ခွေးကိုက်မြွေလိုက်သည်ဟု အိမ်မက်မက်လျှင် နောက်မနက်တရော်နဲ့ခေါင်းလျှော်တာမျိုးတော့လုပ်တတ်သေးသည်။
ကျွန်တော့်အဖေကတော့ ကြားနေသမား။ အမေဆူဆူပူပူမလုပ်အောင် ဟိုးပင့်ကူတောင်ထိပ်တက် မီးပူဇော်ဆိုလည်း ဟောဟဲလိုက်အောင်တက်ပြီး ပူဇော်သည်။ စက္ကူအနီတွေ အနက်တွေကို အတွန့်တွန့် ခေါက်ပြီး ၀ါးတုတ်မှာ အ၀ိုင်းလိုက်ညှပ်ပြီး ထီးလည်းလုပ်တတ်သည်။ ဟိုအညွန့်သည်အညွန့်တွေနောက်လည်း တောလိုက်တတ်သည်။ အဖော်လိုက်ပေးရသော ကျွန်တော့်အငြူအစူကို “မင်းအမေစိတ်ချမ်းသာသွားတော့ နားအေးတာပေါ့ကွာ ငါ့သားရာ”လို့ ရွှေပြည်အေးတရားဟောတတ်သေးသည်။ ကျွန်တော်က “ဖြူး” ဆရာတော်တရားခွေတွေဝယ်ပြီး အယူစွဲချေချွတ်ခန်းဝင်တော့လည်း “ဒါလည်း ဘုရားဟောမို့လက်ခံရမယ်ဟေ့ အမေကြီးရေ့”လို့ အသံပေးတတ်သည်။ သူ့ကြည့်ရတာ ကြိုးတန်းလမ်းလျှောက်သမားလို ဟိုဘက်သည်ဘက် ဟန်ချက်ထိန်းနေတတ်လေသည်။ လေလှိုင်းသံလူသတ်သမားကိုဘေးမှာထားပြီး ရှေ့ကတီဗွီပေါ်မှ “လွှတ်တော် အသံပြည်သူ့အသံ”ကိုအားပေးတာလည်းအလေ့အထရနေပြီ။ တစ်ရက်တွင်တော့ အဖေက ဗေဒင်မယုံတမ်း သမားကျွန်တော့်ကို အဖြစ်အပျက်တစ်ခုပြောပြသည်။
ကျပ်ပြင်ဆိုသောနယ်ကကျွန်တော်တို့ရွာကလေးမှာ ဘိုးစံညွန့်ဆိုသော ဗေဒင်တစ်ဘက်ကမ်းခတ် တတ်သည့် အဘတစ်ယောက်ရှိခဲ့သည်။ ကျွန်တော်တို့ဘိုးအရင်းလည်းတော်ပေမည်။ ဘိုးစံညွန့်ကရွာမှာ အခါတော်ပေး။ မင်္ဂလာဆောင်၊ အိမ်တက်၊ ပန္နက်တင်၊ အလှူဝင်၊ ရှင်ပြုတွေမှာ ဘိုးစံညွန့်အခါပါမှ အထမြောက် ကြသည်။ တစ်ချို့ကလည်း စံညွန့်အခါပေးမှ စံလည်းစံအညွန့်အတက်လည်းရမည်ဟုဆိုကြသည်။ သည်လိုသာ ဆိုတာ ဘိုးစံညွန့်ကား ဟောစားသောဗေဒင်ဆရာတော့ မဟုတ်ပြန်။ ရွာကလိုလို့ သူ့အလိုလို ဗေဒင်ဆရာ အခါတော်ကြားဖြစ်နေရသည်။
တစ်ခါတွင်တော့ ကျပ်ပြင်အေးစေတီဘုရားပန္နက်တင်ရန် ဘိုးစံညွန်ကအခါတော်ရွေးရသည်။ သည်တစ်ခါမှာထူခြားတာက တနင်္လာ၊ သောကြာဘယ်နေ့ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဘာနေ့သားက ဘာသားကိုင်ရိုက်ဆိုသလိုလုပ်ရိုးလုပ်စဉ်မျိုးမဟုတ်။ အခုအေးစေတီဘုရားပန္နက်တင်မှာက “သံခမောက်ဆောင်း လေးယောက်လာလျှင်ရိုက်”တဲ့။ တစ်ချို့လူကြီးတွေက “စံညွန့်တော့တောက်တီးတောက်”တဲ့။ သည်ခေတ် သည်အခါမှာဘယ်က သံခမောက်ဆောင်းကလာမှာလဲဆိုပြီး ပြုံးတုံးတုံးနဲ့သရော်ကြသည်။ ရွယ်တူဗေဒင် ၀ါသနာအိုးတွေက သည်တစ်ခါစံညွန့်တော့ထိတော့မှာဘဲလို့ ၀မ်းသာအားရ စောင့်ကြည်ကြသည်။ လူငယ်တွေ ကတော့ ဒါမဖြစ်နိုင်တာဘဲဆိုပြီး လုံးဝလက်မခံကြ။ လူလတ်ပိုင်းတွေကတော့ စောင့်ကြည့်ရမယ်ပေါ့။ သည်မှာ တစ်ရွာလုံး အုံးအုံးကြွက်ကြွက်။
ပန္နက်ရိုက်မည့်ရက်အာရုံတက်ကတည်းက ရွာကလူတွေအားလုံး သံခမောက်ဆောင်းလေးယောက် မြင်ရဖို့ အေးစေတီတောင်ကုန်းပေါ်က သွားစောင့်ကြသည်။ သံခမောက်ဆောင်းမြင်ရတာထက် ကြွေးကြော် ထားသလိုဖြစ်မည် မဖြစ်မည် အမှန်တရားကို စောင့်ကြည့်လိုခြင်းကများလေသည်။ မနက်စောစောလာသွားလျှင် လွတ်သွားမှာစိုးလို့။ ရွာထဲမှာတော့ ပန္နက်တင်အောင်မြင်လျှင်ကြွေးဖို့ ၀က်သားဒယ်ကြီးနပ်တွေ ချက်လို့ စောင့်ကြသည်။ ထိုနေ့က မိုးကလည်းဖြိုင်ဖြိုင်ရွာသည်။ လူတွေအကုန်မိုးထဲမှာ သံခမောက်ဆောင်း သုံးယောက်ကို သဲကြီးမဲကြီးစောင့်ကြသည်။ ပန္နက်ရိုက်ရမည့်နေ့နံသမားတွေကလည်း ပန္နက်တိုင်တွေ ကိုင်လို့လက်တစ်ပြင်ပြင်။ နေ့လည်နေမွန်းသာတည့်သွားသည် သံခမောက်ဆောင်းကပေါ်မလာ။ လူတွေ လည်းတော်တော်အားပျက်ကုန်ပြီ။ “ကဲမပြောလားမဖြစ်နိုင်တာပါလို့” ကြွက်စိကြွက်စိသံက ဆူညံလာသည်။ ဘိုးစံညွန့်ကတော့ မဟာဗန္ဓုလလိုဟန်အပြည့်မာန်အပြည့်၊ ယုံကြည်ချက်အပြည့် “လာကိုလာရမှာပါကွ၊ တွက်ကိန်းအရသည်သို့ပြထားတာဘဲ” “အောင်ကိုအောင်ရမယ်”။
နေမွန်းကျော်တော့ မိုးတစ်ဖြိုက်ဖြိုက်အောက်တွင် လူတွေစိတ်မပါလက်မပါဖြစ်ကုန်ပြီ။ “အဓိပ္ပါယ် မရှိတာ” ဆိုတဲ့ စကားကို နားယောင်လာကြသည်။ ထိုစဉ် အေးစေတီကုန်းအတက် စောင်းတန်းဘက်သို့ လှမ်းမျှော်ကြည့်နေသောတစ်ယောက်က“ဟိုမှာသံခမောက်ဆောင်းတွေလာပြီ” “လေးယောက်…လေးယောက်”။ “ဘယ်မှာလဲ…ဘယ်မှာလဲ” အသံတွေထဲ ဘိုးစံညွန့်၏“ရိုက်….ရိုက်”ဆိုသောအသံဆုံးတော့ ပန္နက်ကိုင်တွေ လည်း ပြူးတိပြူးကြောင်နှင့်ပန္နက်တိုင်ကိုရိုက်ချသည်။ ဘိုးစံညွန့်ကအသံဝါကြီးနှင့် “အောင်ပြီ…..အောင်ပြီ”။ ပြီးမှ ပန္နက်သမားတွေရော ပရိသတ်ရောသံခမောက်ဆောင်းရှာကြသည်။ “ဘယ်မှာလဲ…..ဘယ်မှာလဲ” “ဟိုမှာ…. ဟိုမှာ” “လား…လား…ဟုတ်တာပေါ့ သံခမောက်ဆောင်းမှ သံခမောက်ဆောင်းစစ်စစ်…ရေမရောဘူး”။
သည်မှာ အားလုံးထက်ပိုအံသြရှာတာက သံခမောက်ဆောင်းလေးယောက်ကိုယ်တိုင်။ တစ်ရွှီး..ရွှီး တစ်ဖြောင်း…ဖြောင်းနှင့် လက်ခုပ်လက်မောင်းတွေက သူတို့အားကြိုဆိုနေသည်။ “သံခမောက်ဆောင်းတွေကွ” လို့အော်သူတွေကအော်သည်။ သူတို့လည်း အူကြောင်ကြောင်နဲ့ “ဘယ်မှာလဲသံခမောက်ဆောင်း” ဆိုတော့ “မင်းတို့ဘဲလေ”လို့ လူတွေက ပြုံးစေ့စေ့နဲ့ဆိုကြသည်။ ကိုယ့်ကိုကိုယ်ပြန်သတိထားလိုက်မိမှ ဟုတ်ပါရဲ့လို့ ရှက်ပြုံးပြုံးရသည်။ အမှန်တော့သူတို့လေးယောက်က ရွာထဲတွင် ဟင်းချက်တာဝန်ကျကြသည်။ နေမွန်းကျော် ၀က်သားအိုးလည်း နပ်သည့်တိုင် အသံပင်မကြားရသေးသော သံခမောက်ဆောင်းကို မြင်လိုလှ၍ ထီးငှား မနေတော့ဘဲရှိသည့်ဒယ်အိုးဖုံးတွေဆောင်းကာ အေးစေတီတောင်ကုန်းပေါ်တက်လာမိပါပြီကော။
ရွာထဲတွင် သံခမောက်ဆောင်းလေးယောက်နှင့် ဘိုးစံညွန့်ကရာဇ၀င်တွင်လေသည်။ ဘိုစံညွန့်၏ဗေဒင် ပညာကားအကြွင်းမဲ့လက်ခံသွားရလေသည်။ ကျွန်တော့်ကိုအဖေက “ကဲမင်းဘာပြောမလဲ” ဆိုသည့်ပုံစံဖြင့်ကြည့် သည်။ ဒါကကျပ်ပြင်သားတော်တော်များများသိနေသည့်အချက်ဆိုတော့ သက်သေမခိုင်လုံဘူးလို့ ငြင်းစရာလည်း မလိုတော့ပေ။ “အင်း…ဒါလည်းဖြစ်နိုင်တာပေါ့လေ” ဆိုပြီး ကျွန်တော်လည်းလျှောချရသည်။ ဟိုတစ်လောက အမေ့မောင်တစ်ယောက် မန္တလေးအလည်လာရင်း အမေ့ကိုဝင်ကန်တော့သည်။ နယ်မရောက်တာကြာပြီဖြစ်သော အမေက “အလုပ်ကောဖြစ်ကြလားဟဲ့” ဆိုတော့ “အစ်မကလည်းသိရဲ့သားနဲ့ သူတို့တက်လာကတည်းက” ဆိုသော စကားအဆုံးတွင် ကျွန်တော်က “သံခမောက်ဆောင်းတွေလား” လို့ဖြတ်မေးမိတော့ ဦးလေးက “ချီးထဲမှ” လို့ထောပနာပြုသွားလေသည်။ ကျွန်တော်တို့မျိုးဆက်လေးနှစ်အရွယ်သမီးငယ်ကတော့ သီချင်းဗွီစီဒီခွေထဲမှ တက်လာသော စာတန်းတွေကို ကျော်ကြည့်နေလေသည်။
ပြတ်သား

No comments: