Friday, June 21, 2013


လက်သစ်တောင်တာဆုံးမစာ
၁။ လက်သစ်တောင်တာ၊ ယူဇနာပေါင်း၊ တာပြန်လောင်းသော်၊ ရှစ်သောင်းလေးထောင်၊ အမြင့်ဆောင်ထား၊ တောင်မြင်းမိုရ်ရှိ၊ ဂုဏ်ကြီးဘိသည်၊ မွေးမိဘခင်၊ ကျေးဇူးရှင်နှင့်၊ ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်ကထင်လျက်၊ ဦးတင်လက်ထား၊ အစားအ၀တ်၊ မလွတ်ရစေ၊ ရေပူရေအေး၊ လိုရာပေး၍ မွေးကျွေးကြပေ၊ တစ်ထွေမှတ်သား၊ အခါးအချို၊ သူတို့ဆိုလည်း၊ ဘိုးဘွားမိဘ၊ ဆရာစသည်၊ ပြသဆိုထွေ မျိုတတ်စေ။
၂။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှုတ်ဆက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့ မှတ်ပါလေ။
၃။ ဆွေကြီးမျိုးကြီး၊ အဘကြီးနှင့်၊ ဦးရီးသားချင်း၊ ဘထွေးရင်းက၊ ဟူသမျှကို၊ ဂုဏ၀ုဎ၊ ပစာယန၊ စိတ်ကသိစေ၊ ပြစ်မှားမိက မသင့်ချေ။
၎။ ပေါက်ဖော်သားချင်း၊ တစ်ဝမ်းတွင်းမှ အရင်းအနှစ်၊ ဖွေစိစစ်၍၊ အပြစ်စုပုံ၊ မခြားထုံသည်၊ အူတုံဖြစ်က ချစ်ကြလေ။
၅။ သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။
၆။ ရှေးကစွန့်ကြဲ၊ ကံရင်းနဲ၍၊ ဆင်းရဲခဲ့တုံ၊ ကိုယ်မလုံ၍၊ သူ့ဂုဏ်ပိုင်ပိုင်၊ မဆပ်နိုင်သော်၊ ကိုယ်တိုင်သူ့အိမ်၊ ရောက်ခိုက်ကြိမ်က၊ မထိမ်မမြူး၊ ဘ-ရာဖူးသို့၊ ကျေးဇူးရှိထွေ၊ သိတတ်စေ။
၇။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ။
၈။ မတွေ့ခိုက်ရန်၊ မကျုးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ။
၉။ သေနှင့်အရက်၊ စီးပွားဖျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ။
၁၀။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ။
၁၁။ သူ၏ဥစ္စာ၊ သူ့ဘဏ္ဍာကို၊ မေတ္တာမရှေး၊ သူမပေးက၊ ဆေးတစ်အိုးမျှ၊ မယူကြနှင့်၊ ရှောင်ကြပါလေ။
ရှင်မဟာရဌသာရ

No comments: