Sunday, June 23, 2013


*လောကတွင် ပျက်စီးခြင်း ဆုတ်ယုတ်ခြင်းကို ဖြစ်စေသော တရားများ*

မြတ်စွာဘုရားရှင် မင်္ဂလာသုတ်ဟောအပြီး နောက်တညမှာ ပရာဘ၀သုတ်ကို ဟောကြား
တော်မူခဲ့ခြင်းဖြစ်ပါတယ်။ တရားနာလိုသူများကိုယ်စား နတ်သားတစ်ပါးက လောကမှာ
ပျက်စီးခြင်း ဆုတ်ယုတ်ခြင်းကို ဖြစ်စေသော တရားများဟာ ဘယ်လိုတရားတွေများ
ဖြစ်ပါသလဲဟု လျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်က နတ်သားမေးလျှောက်သော
တစ်ဆယ့်နှစ်ကြိမ်ကို တစ်ဆယ့်နှစ်ဂါထာနဲ့ ဖြေဆိုတော်မူခဲ့ပြီး
အချက်အရေအတွက်အားဖြင့် နှစ်ဆယ့်လေးချက် ပါဝင်ပါတယ်။
ပရာဘ၀သုတ် မြန်မာပြန်
မြတ်စွာဘုရား၏ အဖြေ(၁)
ကြီးပွားသူကိုလည်း သိရန်လွယ်ကူ၏။ ပျက်စီးဆုတ်ယုတ်သူကိုလည်း
သိရန်လွယ်ကူလှပေ၏။ တရားကိုလိုလားတောင့်တသူသည် ကြီးပွားရ၏။
၁။ တရားကို မလိုလား မတောင့်တ မုန်းထားသူသည် ပျက်စီးရ၏။
မြတ်စွာဘုရား၏ အဖြေ (၂)
၂။ ထိုသူသည် သူတော်မဟုတ် သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုး၏။
၃။ သူတော်ကောင်းတို့ကို ချစ်ခင်မြတ်နိုးမှုမပြု။
၎။ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုး၏။ ထိုသုံးမျိုးသည်
ပျက်စီးဆုတ်ယုတ်ကြောင်းပေတည်း။
မြတ်စွာဘုရား၏ အဖြေ(၃)
၅။ အကြင်သူသည် အိပ်စက်ငိုက်မျဉ်းလေ့ရှိ၏။
၆။ အပေါင်းအဖော်၌ မွေ့လျော်လေ့ရှိ၏။
၇။ စကားပြောမှု၌ မွေ့လျော်လေ့ရှိ၏။
၈။ နိုးကြားထကြွမှုမရှိပျင်းရိ၏။
၉။ လျင်စွာအမျက်ထွက်လေ့ရှိ၏။ ထိုသူ၏ ထိုအကြောင်းငါးမျိုးသည်
ပျက်စီးဆုတ်ယုတ်ကြောင်း ပေတည်း။
မြတ်စွာဘုရား၏ အဖြေ(၄)
၁၀။ အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊
အဘကိုလည်းကောင်း၊ ကျွေးမွေးပြုစုနိုင်စွမ်း ရှိသူဖြစ်ပါလျက် မကျွေးမွေး
မပြုစုလေ၊ ထိုသူ၏ မကျွေးမွေး မပြုစုခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
မြတ်စွာဘုရား၏ အဖြေ(၅)
၁၁။ အကြင်သူသည် ဗြဟ္မဏကိုလည်းကောင်း သာမဏကိုလည်းကောင်း ထိုမှတစ်ပါးသော
ဖုန်းတောင်းယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျက်
မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်၏။ ထိုသူ၏လှည့်ပတ်ခြင်းသည်
ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
မြတ်စွာဘုရား၏ အဖြေ(၆)
၁၂။ အကြင်သူသည် များစွာသောစည်းစိမ်ရှိသူ၊ အသပြာရှိသူ၊ စားဖွယ်နှင့်
ပြည့်စုံသူဖြစ်ပါလျက် ကောင်းမြတ်သော ဘောဇဉ်တို့ကို တစ်ယောက်တည်း
စားသုံး၏။ ထိုသူ၏ စားသုံးခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
မြတ်စွာဘုရား၏ အဖြေ(၇)
၁၃။ အကြင်သူသည် အမျိုး "ဇာတိ" မာန်ခက်ထန်၏။
၁၄။ ဥစ္စာ "ဓနမာန်" ခက်ထန်၏။
၁၅။ အနွယ် "ဂေါတ္တ" မာန်ခက်ထန်၏။
၁၆။ မိမိဆွေမျိုးတို့ကိုလည်း မထီမဲ့မြင်ပြု၏။ ထိုသူ၏ ထိုအကြောင်း
လေးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
မြတ်စွာဘုရား၏ အဖြေ(၈)
၁၇။ အကြင်သူသည် မိန်းမကြူး၊
၁၈။ သေသောက်ကြူး၊
၁၉။ လောင်းကစားကြူးသည်ဖြစ်၍ ရတိုင်းရတိုင်းသော ဥစ္စာကို ဖျက်ဆီး၏။ ထိုသူ၏
အကြောင်းသုံးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
မြတ်စွာဘုရား၏ အဖြေ(၉)
၂၀။ အကြင်သူသည် မိမိမယားဖြင့် မရောင့်ရဲဘဲ ပြည့်တန်ဆာမတို့၌ ပြစ်မှား၏။
၂၁။ သူတစ်ပါးသားမယားတို့၌ ပြစ်မှား၏။ ထိုသူ၏ ထိုအကြောင်းနှစ်မျိုးသည်
ပျက်စီးဆုတ်ယုတ် ကြောင်းတည်း။
မြတ်စွာဘုရား၏ အဖြေ (၁၀)
၂၂။ အရွယ်လွန်ပြီးသော ယောင်္ကျားသည် တည်သီးသဖွယ် ငယ်သောသားမြတ်ရှိသော
မိန်းမငယ်ကို သိမ်းမြန်းဆောင်ယူ အိမ်သူပြုလုပ်၏။ ထိုမိန်းမငယ်အား
ယောင်္ကျားတစ်ပါးအတွက် စိတ်မချရသောကြောင့် မအိပ်နိုင်၊
ထိုမအိပ်နိုင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။
မြတ်စွာဘုရား၏ အဖြေ(၁၁)
၂၃။ အကြင်သူသည် ငါ အမဲအစရှိသော အစားအစာတို့၌ မက်မောသော သဘောရှိသော
ဥစ္စာကို စည်းကမ်းမဲ့ ဖရိုဖရဲ ပြုတတ်သော မိန်းမကိုလည်းကောင်း၊
ထိုသို့သဘောရှိသော ယောင်္ကျားကိုလည်းကောင်း အိမ်ထောင်ထိန်းအရာ၌ ထား၏။
ထိုသူ၏ ထိုအကြောင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။
မြတ်စွာဘုရား၏ အဖြေ(၁၂)
၂၄။ အကြင်သူသည် ဥစ္စာနည်း၍ ပစ္စည်းဥစ္စာတို့၌ တပ်မက်မှု ကြီးမား၏။
မင်းမျိုး၌လည်းဖြစ်၏။ ထိုသူသည်ကား မင်းအဖြစ်ကို တောင့်တ၏။ ထိုသူ၏
ထိုအကြောင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း

No comments: